နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိပ်ပိုင်းခေါင်းဆောင်များအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂက တစ်နှစ်သက်တမ်းတိုး လိုက်ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။
ပိုင်ဆိုင်ပစ္စည်းများ ထိန်းချုပ်ခြင်း၊ ခရီးသွားလာမှုပိတ်ပင်ခြင်း၊ လက်နက်ရောင်းချမှုပိတ်ပင်ခြင်း၊ တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့၏ ဖိနှိပ်ရာတွင် အသုံးပြုနိုင်သည့်ပစ္စည်းများ တင်ပို့မှုနှင့်ပတ်သက်ပြီး ကန့်သတ်ခြင်းများ ပါဝင်သည့် ဒဏ်ခတ်အရေးယူမှုများကို ဧပြီ ၂၉ ရက်တွင် ဥရောပသမဂ္ဂ ရုံးချုပ်က ထုတ်ပြန်ခဲ့သည်။
“ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ထိပ်ပိုင်း အရာရှိတွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာပါဝင်တဲ့ အရပ်သားအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ကို ရည် ရွယ်တာဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေနဲ ့အတူဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကိုဆက်လက်ပေးသွားမှာဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံ ၂၇ နိုင်ငံပါဝင်သည့် အီးယူသည် ယခုနှစ်တွင် လက်ရှိအချိန်အထိ ယူရို ၂၀ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈သန်း) ပံ့ပိုးပေးထားပြီးဖြစ်သည်ဟုဆိုသည်။
မိမိတို့အနေဖြင့် ဒဏ်ခတ်အရေးယူထားသည့် စာရင်းကို အဆက်မပြတ်ဆန်းစစ်နေကြောင်း၊ တာဝန်ရှိသူဒါဇင်ချီရှိသည့် စာရင်းထဲသို့ နောက်ထပ်အမည်များ ဖြည့်စွက်ရေးကို ငြင်းဆန်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီတွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများက ပြောကြားခဲ့သည်။