ဒေါက်တာ အေးမောင် အပါအဝင် ငါးဦးမှာ ပါတီနှင့် ပတ်သက်မှု မရှိတော့ကြောင်း ရခိုင်အမျိုးသားပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဧပြီ ၂၂ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ရခိုင့်ဦးဆောင်ပါတီက မတ် ၂၃ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသည့်စာအရ ဒေါက်တာအေးမောင်၊ ဦးခင်မောင်လတ်၊ ဦးကျော်လွင်၊ ဦးဝေစိန်အောင်နှင့် ဦးအောင်သောင်းရွှေတို့နှင့် ပတ်သက်၍ ပါတီ၏ သဘောထားကို ရခိုင်အမျိုးသားပါတီက ကော်မရှင်ထံ ပြန်လည် အကြောင်းကြားစာ ပေးပို့ခြင်း ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်နှင့် အဆိုပါလူပုဂ္ဂိုလ် ငါးဦးမှာ ရခိုင်အမျိုးသားပါတီဝင်ဟောင်းများဖြစ်ပြီး ပြီးခဲ့သည့် နှစ်များအတွင်း နုတ်ထွက်ခွင့်ပြုရန် တင်ပြကာ လက်ရှိတွင် ရခိုင့်ဦးဆောင်ပါတီတွင် ပါဝင်ဆောင်ရွက်လျက်ရှိသူများ ဖြစ်သည်။
ဒေါက်တာ အေးမောင်သည် ၂၀၁၇ နိုဝင်ဘာတွင် ပါတီမှ နုတ်ထွက်ခွင့်ပြုရန် တင်ပြပြီးနောက် ပုဂ္ဂလိက လုပ်ဆောင်မှုကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ အခန်း ၂၊ ပုဒ်မ ၄ (င) အရ ထောင်ဒဏ်ကျခံနေရသူကို ပါတီဝင်အဖြစ် လက်ခံခွင့်မရှိ၍ ၎င်းပြစ်ဒဏ်ကျခံရချိန်မှစ၍ ပါတီနှင့် ပတ်သက်မှု မရှိတော့ကြောင်း၊ ဥပဒေအရလည်း ပါတီဝင်အဖြစ် လက်ခံထားခွင့် မရှိကြောင်း ကော်မရှင်ထံ ရခိုင်အမျိုးသားပါတီ၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။
အလားတူ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် ရခိုင်အမျိုးသားပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့သည့် ဦးခင်မောင်လတ်နှင့် ဦးကျော်လွင်တို့မှာ အခြားပါတီတစ်ခုတွင် ပါဝင်လုပ်ဆောင်နေသလို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်မှ အသိအမှတ်ပြုခဲ့ပြီးဖြစ်၍ ထိုပုဂ္ဂိုလ်များမှာ ရခိုင်အမျိုးသားပါတီဝင်များ မဟုတ်တော့ဟု အကြောင်းကြားစာတွင် ဖော်ပြထားသည်။
၂၀၁၉ ခုနှစ် မတ်လတွင် ပါတီမှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့သည့် ဦးဝေစိန်အောင်ကိုမူ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် သက်တမ်းကုန်ဆုံးမှု မရှိသောကြောင့် ပါတီဆုံးဖြတ်ချက်အရ ဆိုင်းငံ့ထားခဲ့ပြီး လက်ရှိတွင် လွှတ်တော်သက်တမ်း ကုန်ဆုံးပြီဖြစ်၍ ပါတီနှင့်ပတ်သက်မှု မရှိတော့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ရခိုင်အမျိုးသားပါတီမှ အပြီးအပိုင် နုတ်ထွက်ကြောင်း အသိပေး တင်ပြခဲ့သည့် ဦးအောင်သောင်းရွှေသည်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကော်မရှင်မှ အသိအမှတ်ပြုပြီးဖြစ်ပြီး နုတ်ထွက်စာ ပေးပို့ပြီးနောက်ပိုင်း ပါတီနှင့်ပတ်သက်မှု မရှိတော့ဟု ဖော်ပြပါရှိသည်။
ထို့ကြောင့် အဆိုပါပုဂ္ဂိုလ်များ မိမိကြိုက်နှစ်သက်ရာပါတီသို့ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ဒေါက်တာအေးမောင်၊ ဦးခင်မောင်လတ်၊ ဦးကျော်လွင်နှင့် ဦးဝေစိန်အောင်တို့ကို ပါတီမှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဦးအောင်သောင်းရွှေကို ပါတီမှ ထုတ်ပယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရခိုင်အမျိုးသားပါတီ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ပြီးနောက် ရခိုင့်ဦးဆောင်ပါတီကို ဦးဆောင် တည်ထောင်ကာ လက်ရှိတွင် ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဦးခင်မောင်လတ်၊ ဦးကျော်လွင်၊ ဦးဝေစိန်အောင်နှင့် ဦးအောင်သောင်းရွှေတို့မှာ ပါတီအကြံပေး ကောင်စီဝင်များအဖြစ် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။