■ စူပါလိဂ်မှနုတ်ထွက်သည့်အသင်းများ လျော်ကြေး ပေါင်သန်း ၁၃၀ ပေးရမည်ဟု Der Spiegel မဂ္ဂဇင်း ဖွင့်ချ

■ စူပါလိဂ်မှနုတ်ထွက်သည့်အသင်းများ လျော်ကြေး ပေါင်သန်း ၁၃၀ ပေးရမည်ဟု Der Spiegel မဂ္ဂဇင်း ဖွင့်ချ
Photos: Sky Sports
Photos: Sky Sports
Published 27 April 2021

ဥရောပစူပါလိဂ်အစီအစဉ်မှ နုတ်ထွက်သည့်အသင်းများအနေဖြင့် လျော်ကြေး ပေါင်သန်း ၁၃၀ ပေးရမည်ဖြစ်ကြောင်း ဂျာမနီအခြေစိုက် Der Spiegel မဂ္ဂဇင်းက ဖော်ထုတ်တင်ပြခဲ့သည်။

ဥရောပထိပ်သီးကလပ် ၁၂ သင်းက ဥရောပစူပါလိဂ်အစီအစဉ်ကို ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပရိသတ်များအပါအဝင် ဘောလုံးလောကမှ ထင်ရှားကျော်ကြားသူများ၊ ကစားသမားဟောင်းများ၊ နိုင်ငံရေးသမားများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) စသည့် အဖွဲ့အစည်းများစွာက ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ 

ထို့ကြောင့် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ စပါး၊ အင်တာမီလန်နှင့် အက်သလက်တီကိုအသင်းတို့က နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နှင့် အေစီ မီလန်အသင်းတို့မှာမူ တရားဝင် နုတ်ထွက်ကြောင်း ကြေညာခြင်းမရှိ သေးပေ။

Der Spiegel မဂ္ဂဇင်း၏ ဖော်ထုတ်တင်ပြမှုအရ စူပါလိဂ်ပြိုင်ပွဲကို အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်သည့် JP Morgan က ပေါင် ၃ ဒသမ ၅ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကလပ်အသင်းများအနေဖြင့် ၂၃ နှစ်သက်တမ်းရှိသည့်စာချုပ် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ 

စူပါလိဂ်တွင်ယှဉ်ပြိုင်မည့်အသင်းများအား ကလပ်အဆင့်သတ်မှတ်ချက်အလိုက် ပါဝင်ယှဉ်ပြိုင်သည့်အတွက် ဆုကြေးပေးအပ်မည်ဖြစ်ပြီး အနည်းဆုံး ပေါင် ၁၇၄ သန်းမှ အများဆုံး ပေါင် ၂၆၁ သန်းအထိ ရရှိမည်ဖြစ်သည်။ 

အကယ်၍ ပြိုင်ပွဲမှ နုတ်ထွက်ပါက ပေါင်သန်း ၁၃၀ လျော်ကြေးပေးရန် သတ်မှတ်ထားရာ ပရီးမီးယားလိဂ်ခြောက်သင်း အပါအဝင် စုစုပေါင်းရှစ်သင်းမှာ အခက်အခဲများ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။ 

လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ပြိုင်ပွဲဝင်ဆုကြေး ခွဲတမ်းအမြင့်ဆုံးရရှိမည်ဖြစ်သလို အခြားကလပ်အသင်းအားလုံးထက် ရုပ်သံမူပိုင်ခွင့်အပိုဆုကြေး ပေါင် ၅၂ သန်းစီ ရရှိမည်ဖြစ်သည်။ 

အပိုဆုကြေး ပေါင် ၅၂ သန်းကို စူပါလိဂ်ပထမရာသီပြီးဆုံးချိန်တွင် ပေါင် ၂၆ သန်းနှင့် ဒုတိယရာသီပြီးဆုံးချိန်တွင် ပေါင် ၂၆ သန်း ပေးအပ်သွားမည်ဖြစ်သည်။ 

ထို့ကြောင့် ၎င်းတို့နှစ်သင်းအနေဖြင့် နုတ်ထွက်ကြောင်း ကြေညာခြင်းမရှိသေးဘဲ တုံ့ဆိုင်းနေခြင်းဖြစ်ကြောင်း Der Spiegel မဂ္ဂဇင်းက ရေးသားဖော်ပြခဲ့သည်။

Most Read

Most Recent