ဟော်လန်း၏ ဖခင်နှင့် အေးဂျင့် ရိုင်အိုလာတို့ စပိန်သို့ သွားရောက်ပြီး ရီးယဲလ်၊ ဘာစီလိုနာတို့နှင့် ဆွေးနွေးခဲ့ကြောင်း မီဒီယာများ ဖော်ပြ

ဟော်လန်း၏ ဖခင်နှင့် အေးဂျင့် ရိုင်အိုလာတို့ စပိန်သို့ သွားရောက်ပြီး ရီးယဲလ်၊ ဘာစီလိုနာတို့နှင့် ဆွေးနွေးခဲ့ကြောင်း မီဒီယာများ ဖော်ပြ
Photos: Getty Images & The Sun
Photos: Getty Images & The Sun
Published 2 April 2021

ဒေါ့မွန်အသင်းမှ ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်း၏ ဖခင်ဖြစ်သူနှင့် အေးဂျင့် ရိုင်အိုလာတို့သည် ပြီးခဲ့သည့် ကြာသ ပတေးနေ့က စပိန်နိုင်ငံသို့သွားရောက်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း အီတလီနှင့် စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    

ဟော်လန်းသည် ဒေါ့မွန်အသင်းသို့ မရောက်ရှိမီကတည်းက ထိပ်သီးအသင်းများစွာ၏ စိတ်ဝင်စားခြင်းခံခဲ့ရသူဖြစ်ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းက ၎င်းကို တစ်ပတ်လုပ်ခ ပေါင်(၆)သိန်းအထိပေး၍ ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသလို၊ မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ သို့သော် စပိန်ထိပ်သီးအသင်းများထံ ရောက်ရှိရန် အလားအလာများနေကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။ 



ယင်းအခြေအနေတွင် ၎င်း၏ ဖခင်နှင့် အေးဂျင့်ဖြစ်သူတို့ စပိန်သို့ သွားရောက်ခဲ့ကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်ပြီး ဘာစီလိုနာလေဆိပ်ထဲမှ ထွက်ခွာလာသည့် ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများကိုလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အပြောင်းအရွှေ့သတင်းများတင်ဆက်ရာတွင် မှန်ကန်သူအဖြစ် ထင်ရှားသော အီတလီဘောလုံးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း ယင်းသတင်းကို အတည်ပြုခဲ့ပြီး ဟော်လန်း၏ ဖခင်နှင့် အေးဂျင့်ဖြစ်သူတို့ကို ရီးယဲလ်နှင့် အခြားကလပ်အသင်း(၃)သင်းက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။ 

ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် စပိန်မှ အီတလီနှင့် အင်္ဂလန်သို့ ခရီးဆက်ဖွယ်ရှိကြောင်းလည်း မီဒီယာများက သုံးသပ်ခဲ့ကြသည်။

    

ယင်းသတင်းထွက်ပေါ်လာပြီးနောက် ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူက လာမည့်နွေရာသီတွင် ဟော် လန်းကို ထွက်ခွာခွင့်ပြုမည်မဟုတ်ဟု တုံ့ပြန်ခဲ့ကြောင်းလည်း သိရသည်။ 

သို့သော် ဒေါ့မွန်အသင်းသည် ဟော်လန်းနှင့် စာချုပ်ချုပ်ဆိုရာတွင် ၂၀၂၂ ခုနှစ်နွေရာသီတွင် ထွက်ခွာခဲ့ပါက လျော်ကြေးယူရို(၇၅)သန်းသာ ပေးချေရမည်ဟု ပါရှိသည့်အတွက် ကြိုက်စျေးတောင်းနိုင်မည့်အချိန်တွင် ရောင်းထုတ်ဖွယ်ရှိနေသည်ဟုလည်း ထင်ကြေးပေးမှုများ ရှိနေသည်။ 

ဒေါ့မွန်အသင်းသည် လာမည့်နွေရာသီတွင် ဟော်လန်းကို ရောင်းထုတ်ခဲ့ပါက အနည်းဆုံးပေါင်သန်း(၁၅၀)ရရှိမည်ဟုလည်း သိရသည်။

Most Read

Most Recent