အင်တာနက် မရခြင်းကြောင့် သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ယနေ့ ရုံးချိန်းတွင် Video Conferencing ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ မတ် ၂၄ ရက်သို့ ပြန်လည်ချိန်းဆိုထား

အင်တာနက် မရခြင်းကြောင့် သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ယနေ့ ရုံးချိန်းတွင် Video Conferencing ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ မတ် ၂၄ ရက်သို့ ပြန်လည်ချိန်းဆိုထား
Published 15 March 2021
နေရိုင်း၊အောင်မင်းသိန်း

တရားစွဲဆိုခံထားရသည့် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ယနေ့ရုံးချိန်းတွင် အင်တာနက်မရခြင်းကြောင့် Video Conferencing ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ လာမည့်ရုံးချိန်းကို မတ် ၂၄ ရက်သို့ ချိန်းဆိုထားကြောင်း အမှုတွင်လိုက်ပါ ဆောင်ရွက်ပေးနေသည် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

မတ်လ ၁၅ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်းတွင် သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့နှင့် တရားစွဲဆိုခြင်းခံထားရသော သမ္မတဦးဝင်းမြင့်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၅၀၅(ခ)တို့နှင့် တရားစွဲခံထားရသော ဒေါ်အောင်ဆန်းစုကြည်တို့ကို Video Conferencing ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီကနေ့ကတော့ ရုံးက Video Conferencing မလုပ်ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပဲ၊ အင်တာနက်မရဘူး။ မရတဲ့အတွက်ကြောင့် Video Conferencing မလုပ်ဖြစ်ဘူး။ သို့သော် အစောပိုင်းမှာ ရှေ့နေကိုယ်စားလှယ်စာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲကနေပြီးတော့ ခေါ်ပြီးတော့ ပြောပါတယ်၊ အဲ့ဒီကိစ္စကို သွားကြပါတယ်။ သွားတဲ့အခါကျတော့ ရဲကကျွန်တော်တို့ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိုက်ပေးဖို့ဆိုပြီးတော့ CEC ကနေပြီးတော့ ထောက်ခံပြီးတော့ CEC ကနေပြီးတော့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကျွန်တော်ဦးဆောင်ပြီးတော့ ဦးယုယချစ်၊ ဒေါ်မင်းမင်းစိုး၊ နောက်တစ်ခါ ရန်ကုန်ကလာတဲ့ ရှေ့နေကြီးများပေါ့။ အဲ့ဒီဟာတွေထဲကနေပြီးတော့ ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုးတို့ကိုပဲ ရှေ့နေ ကိုယ်စားလှယ်စာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရအောင် စီစဉ်ပေးမယ်လို့ သူကပြောပါတယ်၊ ရဲက” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တွေ့ချင်သည်ဟု ပြောကြားထားသည့် ရှေ့နေများသည် ဦးခင်မောင်ဇော်နှင့် ဦးကြည်တို့ဖြစ်သော်လည်း လက်ရှိအချိန်တွင် ဦးယုယချစ်နှင့် ဒေါ်မင်းမင်းစိုးတို့ကိုသာ ရှေ့နေကိုယ်စားလှယ်လက်မှတ် စီစဉ်ပေးမည် ရဲကပြောဆိုထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ဒါပေမယ့် အခုတော့ ဒေါ်မင်းမင်းစိုးရော၊ ဦးယုယချစ်ရော နှစ်ယောက်က ကိုယ်စားလှယ်စာ ပေးလိုက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆီကို လက်မှတ်ထိုးဖို့ပေါ့။ အဲ့တော့ လက်တလောမှာတော့ ဒီအခြေအနေပေါ့၊ ရှေ့နေကိုယ်စားပြုတာတော့ ဒီအခြေအနေ။ လူငယ်ရှေ့နေ နှစ်ယောက်ကိုတော့ ရဲကဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ကျန်တဲ့ CEC ကနေပြီးတော့မှ ခန့်ထားတဲ့ ရှေ့နေကျွန်တော်အပါအဝင်ပေါ့၊ ရှေ့နေကြီးများက ရှေ့အချိန်းမှာ ကိုယ်စားလှယ်စာရဖို့ ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်ပါမယ်။ ရှေ့တစ်ချိန်းက ၂၄ ရက်နေ့ပါ” ဟု ပြောကြားသည်။

လက်ရှိအချိန်အထိ တရားစွဲဆိုခြင်းခံထားရသော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိသူ မရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

“ကျွန်တော်အပါအဝင် လူကြီးသုံးယောက်ကတော့ အခုအထိ စီစဉ်ပေးမယ်လို့ ရဲကမပြောဘူး။ ဒါကတော့ ကျွန်တော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နာမည်သိထားပြီးပြီ။ CEC ကလည်းပဲ အဆိုပြုထားတာဆိုတော့ ကျွန်တော်တို့က ရကိုရရမယ်ဆိုတဲ့ ပုံစံနဲ့သဘောထားနဲ့ ဆက်သွားမှာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

တရားစွဲဆိုခံထားရသော အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမှုကိုလိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများအကြား တွေ့ဆုံခွင့်မရသည့် ကိစ္စနှင့်ပတ်သက်၍ “တစ်ကမ္ဘာလုံး အသိအမှတ်ပြုပြီးတော့ ကျွန်တော်တို့နိုင်ငံကလည်း ၄၈ ခုနှစ်ကတည်းက လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အတိအလင်း ပြောထားတဲ့ လူတစ်ယောက် စွပ်စွဲခံရရင် သူဟာ သူ့ရဲ့ဥပဒေပါ အခွင့်အရေးတွေရဖို့အတွက် အခွင့်အရေး ရှိကိုရှိတယ်ဆိုတဲ့ အဲ့ဒီအခွင့်အရေးတွေပေါ့၊ တရားမျှတမှုဆိုင်ရာ အခွင့်အရေးတွေ အရုပ်သိမ်းခံနေရတယ်လို့ ပြောချင်ပါတယ်” ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

Most Read

Most Recent