မန်ယူအသင်း၏ နွေရာသီအပြောင်းအရွှေ့အစီအစဉ်များကို မသိရမချင်း စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ဟု ဘရူနိုဖာနန်ဒက်စ်ဆို

မန်ယူအသင်း၏ နွေရာသီအပြောင်းအရွှေ့အစီအစဉ်များကို မသိရမချင်း စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ဟု ဘရူနိုဖာနန်ဒက်စ်ဆို
Photo: Football365
Photo: Football365
Published 11 March 2021

မန်ယူအသင်းသည် အသင်းတွင် ခြေစွမ်းပြနေသော ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အား တစ်ပတ်လစာငွေပေါင် (၂)သိန်းအထိပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း ၎င်းက ယင်းစာချုပ်သစ်ချုပ်ဆိုရန် ကိစ္စကို လက်မခံသေးဘဲ ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

ဘရူနိုဖာနန်ဒက်စ် (၂၆ နှစ်)က လာမည့်နွေရာသီ မန်ယူအသင်း၏ အပြောင်းအရွှေ့ အစီအစဉ်များကို သိရှိရပြီးမှသာ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးနိုင်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း ဗြိတိန်သတင်းစာ The Sun က  ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီတွင် မန်ယူအသင်းသို့ (၅)နှစ်ခွဲစာချုပ်ဖြင့် ရောက်ရှိလာသော ဖာနန်ဒက်စ်အနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းများစွာကျန်ရှိနေသေးသော်လည်း မန်ယူအသင်းသည် ၎င်းအား လက်မလွှတ်ရရန်အတွက် လစာငွေတိုးမြှင့်ပြီး စာချုပ်သစ်ထပ်မံချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဖာနန်ဒက်စ်မှာ မန်ယူအသင်းတွင် တစ်ပတ်လစာငွေပေါင် (၁)သိန်းသာ ရရှိနေသည့်အတွက်လည်း ၎င်းကို လစာငွေတိုးမြှင့်ရန် မန်ယူအသင်းက စီစဉ်နေခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဖာနန်ဒက်စ်အား လစာငွေ(၂)ဆတိုးမြှင့်ပေးမည်ဖြစ်သလို ၎င်း၏ စွမ်းဆောင်ရည်အပေါ်မူတည်သည့် ဆုကြေးငွေများကိုလည်း ထပ်မံတိုးမြှင့်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက်(ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ် အေစီမီလန်နှင့် ပွဲမတိုင်မီ) ပြိုင်ပွဲစုံ(၆၃)ပွဲ ကစားကာ (၃၅)ဂိုးသွင်းယူထားသည်။

Most Read

Most Recent