ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကို ဇွန်လဆန်းတွင် ကျင်းပမည့် စင်ကာပူအိုးပင်းပြိုင်ပွဲအထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် တိုကျို အိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသလို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှာလည်း အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် လက်ရည်စစ်ပွဲ ကာလကို အပြောင်းအလဲပြုလုပ်ခဲ့ရသည်။ BWF သည် အိုလံပစ်ဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကို ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ မေလဆန်းအထိ သတ်မှတ်ထားသော်လည်း နိုင်ငံအများစုတွင် ကပ်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသေးသဖြင့် လက်ရည်စစ်ပွဲကာလကို ထပ်တိုးပေးခဲ့ခြင်းဖြစ်ပြီး ဇွန်လဆန်းတွင်ကျင်းပမည့် စင်ကာပူအိုးပင်းပြိုင်ပွဲ အထိ ရမှတ်များကို ထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည်။
ကပ်ရောဂါကြောင့် အိုလံပစ်ဝင်ခွင့်ကာလအတွင်း ကျင်းပရန် စီစဉ်ထားသည့်ပြိုင်ပွဲအများစုကို ဖျက်သိမ်း/ရွှေ့ဆိုင်းခြင်းများ ပြုလုပ်နေရသလို မတ်လတွင် ပြိုင်ပွဲ သုံးပွဲ၊ ဧပြီတွင် ပြိုင်ပွဲတစ်ပွဲ၊ မေလတွင် ပြိုင်ပွဲ သုံးပွဲနှင့် ဇွန်လဆန်းတွင် ပြိုင်ပွဲတစ်ပွဲသာ ကျင်းပနိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲများမှ ရမှတ်များကို ထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည်။ ယခင်က မေလလယ်တွင်ကျင်းပမည့် အိန္ဒိယအိုးပင်းပြိုင်ပွဲအထိသာ ရမှတ်များ တွက်ချက်ရန် စီစဉ်ထားသော်လည်း မလေးရှားအိုးပင်းပြိုင်ပွဲ၊ စပိန်မာစတာပြိုင်ပွဲနှင့် စင်ကာပူအိုးပင်းပြိုင်ပွဲတို့ ရက်ပြောင်းလဲခဲ့သဖြင့် ယင်းပြိုင်ပွဲများ ကျင်းပမည့်ကာလအထိ ထည့်သွင်းတွက်ချက်ပေးမည်ဖြစ်သည်။
အိုလံပစ်ဝင်ခွင့်အတွက် ထည့်သွင်းတွက်ချက်မည့်ပြိုင်ပွဲများအနက် ဆွစ်ဇာလန် အိုးပင်းပြိုင်ပွဲကို မတ် ၂ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိပြီး အင်္ဂလန်အိုးပင်းပြိုင်ပွဲကို မတ် ၁၇ ရက်မှ ၂၁ ရက်၊ ပြင်သစ် Orleans Master ပြိုင်ပွဲကို မတ် ၂၃ ရက်မှ ၂၈ ရက်၊ Peru International ပြိုင်ပွဲကို ဧပြီ ၂၁ ရက်မှ ၂၅ ရက်၊ အိန္ဒိယအိုးပင်းပြိုင်ပွဲကို မေ ၁၁ ရက်မှ ၁၆ ရက်၊ စပိန်မာစတာပြိုင်ပွဲကို မေ ၁၈ ရက်မှ ၂၃ ရက်၊ မလေးရှားအိုးပင်းပြိုင်ပွဲကို မေ ၂၅ ရက်မှ ၃၀ ရက်၊ စင်ကာပူအိုးပင်းပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲများမှ ရမှတ်များကို တွက်ချက်ကာ အိုလံပစ်ဝင်ခွင့်အတွက် ဆုံးဖြတ်သွားမည်ဖြစ်သည်။
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသော်လည်း ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ကာ ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ ကြောင်း သိရသည်။ သက်ထားသူဇာသည် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ BWF က ကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဗီဇာအခက်အခဲ နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များရှိနေသဖြင့် ယှဉ်ပြိုင်ခွင့်မရသေးခြင်းဖြစ်သည်။
တိုကျို အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်နေရဆဲဖြစ်သော်လည်း အိမ်ရှင်ဂျပန်နိုင်ငံအနေဖြင့် အိုလံပစ်ပြိုင်ပွဲကို သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။















