ကျွန်တော့်ရဲ့ကောင်းကင်

ကျွန်တော့်ရဲ့ကောင်းကင်
Photo:picclick
Photo:picclick
Published 7 March 2021
မင်းည

ဘဝမှ အားအကျရဆုံးလူတစ်ယောက်၏ အကြောင်းကိုပြောပါဆိုလျှင် အဖေ့အကြောင်းကိုသာ ပြောရမည်ဖြစ်သည်။ လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ထားသလို ပြည့်ဝန်းဝိုင်းစက်နေသည့် လက်ရေးကလေးများကနေ ရဲ ဝံ့ပြတ်သားသည့် စိတ်နေသဘောထားအထိ အဖေ့ဆီ၌ကျွန်တော် အားကျငေးမောခဲ့ရသည့်အချက်များစွာ ရှိနေခဲ့ပါသည်။ အထူးသဖြင့် ကျွန်တော်ကြောက်ရွံ့သောအရာများကို မကြောက်ရွံ့သူ ကျွန်တော်မသွားဝံ့သော နေရာများဆီသို့သွားဝံ့သူ စသည့်အချက်များဖြင့် ငယ်စဉ်ကပင် ကျွန်တော်၏စိတ်နှလုံးသားကို သိမ်းပိုက်ထားနိုင်သူ သူရဲကောင်းသည် အဖေပင်ဖြစ်ပါသည်။

ပြောရလျှင် အဖေ့၏အကြည့်၊ အဖေ့၏အပြော၊ အဖေ့၏သွားလာလှုပ်ရှားပုံ အမူအရာများကအစ ကျွန်တော့်အတွက်တော့ အတုခိုးစရာချည်းဖြစ်သည်။ အရပ်အမောင်းမြင့်မားကာ ဖြူသောအသားအရေကို ပိုင်ဆိုင်ထားသူ အဖေကလမ်းလျှောက်လျှင် အလွန်ကြည့်ကောင်းသူဖြစ်သည်။ စကားပြောနည်းသူ ဖြစ်သလို ပြောသည့်စကားတိုင်းကိုလည်း တည်စေသူဖြစ်သည်။ စည်းကမ်းလိုက်နာတတ်သူဖြစ်သလို သန့်ရှင်းမှုကိုလည်း အလွန်ကြိုက်သူဖြစ်သည်။

ဘယ်အချိန်ပင် ကြည့်လိုက်ကြည့်လိုက် ရေးချိုးပြီးစ လူတစ်ယောက်လို အဖေ့၏ပုံသဏ္ဌာန်က အမြဲတမ်း သန့်ပြန့်နေတတ်သည်။

ကိုယ်တိုင်အသန့်အပြန့်ကြိုက်ရုံသာမက ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းစေတတ်သူဖြစ်သည်။ ခြံဝင်းထဲ အိမ်ဝိုင်းထဲရှိ အမှိုက်ထည့်ရန်မဟုတ်သောနေရာ၌ အမှိုက်ချမိခြင်းသည် အဖေမကြိုက်သည့် အလုပ်ကို ပြုလုပ်မိခြင်းပင် ဖြစ်သည်။ အိမ်မှာသာမက လုပ်ငန်းခွင်အတွင်းမှာပါ စည်ကမ်းလိုက်နာသူ အလုပ်ကြိုးစားသူဆိုသည့် အချက်များဖြင့် စံပြလုပ်သားဆုကို အကြိမ်ကြိမ်ရရှိထားသူဖြစ်သည်။

ဤသို့ဆို၍ အဖေကအရာရာကို ပုံစံခွက်ကြီးအတိုင်း လုပ်လေ့ရှိတတ်သူ မိသားစုဝင်များအပေါ် တင်းကျပ်သည့်စည်းကမ်းများ ချတတ်သူတစ်ယောက်ဟု ထင်ကောင်းထင်သွားနိုင်စရာ ရှိပါသည်။ မဟုတ်ပါ။ အဖေက လွတ်လပ်သော အတွေးအခေါ်ရှိသူ တစ်ယောက်ဖြစ်သလို မိသားစုဝင်များကိုလည်း လွတ်လပ်စွာတွေးခေါ် လုပ်ကိုင်ခွင့်ပေးထားသူ တစ်ယောက်သာဖြစ်ပါသည်။ တစ်ခုတော့ရှိသည်။ အဖေက စာအုပ်များကိုချစ်သည်။စာဖတ်ဝါသနာပါသည်။ စာဖတ်နေရလျှင် ဘဝကြီးတစ်ခုလုံး ပြီးပြည့်စုံသည်ဟု အထင်ရှိတတ်သူ ဖြစ်သည်။ (စာမဖတ်သူတစ်ယောက်သည် အမြင်အာရုံဆုံးရှုံးထားသူတစ်ယောက်နှင့် ဘာမှမခြားဟု အဖေကခံယူထားသူ ဖြစ်သည်)။

ကျွန်တော် မှတ်မိသလောက် အဖေစာမဖတ်ဖြစ် စာမဖတ်ခဲ့သည့် နေ့ရက်မရှိသလောက်ပင် ဖြစ်သည်။ ကိုယ်တိုင်စာဖတ်ရခြင်းကို ခုံမင်နှစ်သက်ရုံမက အခြားသူတို့ကိုစာဖတ်ဖို့ တိုက်တွန်းလေ့ရှိတတ်သူတစ်ဦးလည်း ဖြစ်ပြန်ပါသေးသည်။ ကုန်ကုန်ပြောရလျှင် “မင်းတို့အဖေက စာအုပ်သာဖတ်နေရရင် ဇနီမယား သမီးသားတွေကိုတောင် မေ့နေတတ်တဲ့သူ” ဟု အမေက စနောက်ရသည်အထိ အဖေက စာဖတ်ရခြင်းကို ခုံမင်နှစ်သက်သူဖြစ်သည်။

ဤသို့ဆို၍ အဖေကစာဖတ်နေရခြင်းမှလွဲလျှင် မိသားစုအပေါ်ကို တာဝန်မကျေသူ၊ မိသားစုအပေါ်ကို နွေးထွေးမှုကင်းမဲ့သူဟု ထင်ကောင်းထင်သွားကြနိုင်စရာ ရှိပါသည်။ အဖေက မိသားစုဇနီးမယား သမီးသားများအပေါ်၌ အလွန်နွေးထွေးဂရုစိုက်တတ်သူ ဖြစ်ပါသည်။ အဖေက ကျွန်တော်တို့သားသမီးများအပေါ် အလွန်ချစ်ခင်သူဖြစ်သည်။ မည်မျှလောက်အထိ ချစ်ခင်ပါသနည်းဆိုလျှင် ကျွန်တော့်၏ဘဝတစ်လျှောက် အဖေ့လက်ချက်ကြောင့် နာကျင်ခဲ့ရဖူးသည်ဟူ၍ မရှိခဲ့။ကျွန်တော်မှမဟုတ် အခြားသော သားသမီးများအပေါ်၌လည်း အဖေကညင်သာစွာ ဆိုဆုံးမသည့်နည်းလမ်းကိုသာ  ရွေးချယ်၍ ဆုံးမခဲ့သူဖြစ်ပါသည်။

ပြောရလျှင် အဖေက ဘယ်လိုပြဿနာတစ်ခုကိုမှ ဒေါသဖြင့်ဖြေရှင်း၍ မပြေရှင်းနိုင်ဟု ခံယူထားသူ အေးဆေးတည်ငြိမ်သူဖြစ်သည်။ အေးဆေးတည်ငြိမ်စွာ နေတတ်သော်လည်း လိုအပ်လာသည့်အခါ မိသားစု ဇနီးမယား သမီးသားတို့၏ အရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးတတ်သူလည်း ဖြစ်ပါသေးသည်။ကျွန်တော့်အတွက်တော့ အဖေသည်စံပြုစရာ အတုယူစရာအချက်များစွာဖြင့် လူသားတစ်ယောက်ပင် ဖြစ်ပါသည်။ အဖေ့ကြောင့်ဟု အမည်တပ်ရလောက်သည့် စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းတစ်ခုသော်မှ ကျွန်တော်ဘဝတွင်မရှိခဲ့။ အဖေ့ကြောင့်ဟု လက်ညှိုးထိုးညွှန်ပြစရာအဖြစ်အပျက် တစ်ခုတလေမှ ကျွန်တော့်နေရက်များတွင် မရှိခဲ့။

အဖေ့၏ သားတစ်ယောက်ဖြစ်လာသည့်အတွက် ဘယ်တုန်းကမှ မျက်နှာမငယ်ခဲ့ရ။ အဖေက ကျွန်တော်တို့အတွက် ဤသို့သော အဖေမျိုးဖြစ်ခဲ့သည်။အထူးသဖြင့် ကိုယ်တိုင်ဖခင်နေရာသို့ ရောက်ရှိလာသည့်အခါ အဖေ့၏တန်ဖိုး အဖေ့၏ဂုဏ်ကျေးဇူးတို့ကို ပိုမိုသိမြင်နားလည်သဘောပေါက် လာမိရသည်။သားယောက်ျားလေးတစ်ယောက် ပထမဦးဆုံးသောက်သည့် ဆေးလိပ်သည် ဖခင်ဖြစ်သူ၏ ဆေးလိပ်ဖြစ်လာနိုင်သည်ဆိုသည့်အကြောင်း တာဝန်မဲ့သူဖခင်တစ်ယောက် အိမ်ထောင်ရေးဖောက်ပြန်တတ်သူ အဖေတစ်ယောက်ကြောင့် သားသမီးတို့၏ စိတ်နှလုံးသားမှာ စိတ်ဒဏ်ရာရနိုင်သည့်ဆိုသည့် အကြောင်းအရာများကို သိလာခဲ့ပြီးသည့်နောက် ကောင်းမွန်ရိုးသားစွာ နေထိုင်သွားလာခဲ့သော နွေးထွေးကြင်နာစွာ ဆုံးမလမ်းညွှန်ခဲ့သော အဖေ၏ကျေးဇူးတရားတို့ကို ပိုမိုကာသိမြင်လာခဲ့ရပါသည်။

ဟုတ်ပါသည်။ အဖေသာ ဆိုးသွမ်းသူ အိမ်ထောင်ရေးဖောက်ပြန်သူ အရက်သေစာ သောက်စားမူးယစ်တတ်သူဖြစ်ပါက ကျွန်တော်သည်လည်း ယနေ့အချိန်၌ ဖခင်ကောင်းတစ်ယောက်နေဖြင့် ရပ်တည်၍ ရနိုင်ကောင်းမှ ရပေလိမ့်မည်။ (ဖတ်ခဲ့ဖူးသည့် စာတစ်ပုဒ်ထဲမှာတော့ ဖခင်များသည်  သားသမီးများ၏ ဘဝမှာ အရေးကြီးသက်ရောက်မှုရှိသည့်အတွက် ဖခင်ဆိုးရှိထားသူ ကလေးများ၏ဘဝသည်  Negative Effect များ အများကြီးရှိသည်ဟု ဆိုပါသည်။ သုတေသနပြုမှုများအရလည်း ခပ်ကြမ်းကြမ်း အုပ်ချုပ်တတ်သည့် ဖခင်၏သားသမီးများသည် ဒေါသကြီးတတ်ပြီး မိမိကိုယ်ကိုယ်တန်ဖိုးထားမှု အပိုင်းမှာလည်း အားနည်းတတ်သည်ဟု ဆိုပါသည်။

အထူးသဖြင့် သားယောကျ်ားလေး တစ်ယောက်သည် အသက်ခြောက်နှစ်အထိ မိခင်နှင့်အနေနီးကာ မိခင်၏အကျင့်စရိုက်များ ဖုံးလွှမ်းနိုင်သော်လည်း ခြောက်နှစ်မှ ၁၄ နှစ် အတွင်းမှာတော့ ဖခင်တစ်ယောက်၏ အပြုအမူ အနေအထိုင် အပြောအဆိုများကို အတုခိုးလာနိုင်သည်ဟုဆိုသည်)။ ဟုတ်ပါသည်။

သားယောကျ်ားလေးတစ်ယောက်အတွက် ဖခင်တစ်ယောက်၏ အခန်းကဏ္ဍသည် အလွန်တရာမှ အရေးပါလှပါသည်။ အထူးသဖြင့် ကလေးများနှင့် သူတို့ဖခင်များကြားက ဆက်ဆံရေးသည် ကလေးများ၏ဘဝမှာ မိမိကိုယ်ကိုယ် ယုံကြည်တန်ဖိုးထားတတ်ခြင်းဘဝမှာ ကျေနပ်ပျော်ရွှင်ခြင်းကျောင်း၌ စည်းကမ်းလိုက်နာခြင်း စာတော်ခြင်းအပြင် ကြီးပြင်းလာသည့်အခါ ပေါင်းသင်းဆက်ဆံရေးများ အပေါ်၌လည်း သက်ရောက်မှုရှိသည်ဟု ဆိုပါသည်။

တကယ်တော့ ဘဝကိုရိုးစင်းစွာဖြတ်သန်းရှင်သန်ခဲ့သော အဖေ့၏ဘဝအကြေင်းက ပြောစရာနည်းပါးလှပါသည်။ မွေးချင်းညီအကို မောင်နှမများထဲတွင် အကိုအကြီးဆုံး ဖြစ်သည်။ ရေနံချက်စက်ရုံတစ်ခု၏ ဝန်ထမ်းတစ်ယောက်ဖြစ်သည်။ သားသုံးယောက် သမီးနှစ်ယောက်တို့၏ ဖခင်ဖြစ်သည်။ စာဖတ်ဝါသနာပါသည် ဆိုသည်ထက် ပိုပြော၍မရလောက်အောင် အဖေ့ဘဝအဖေ့အကြောင်းက ရိုးစင်းလွန်းခဲ့ပါသည်။ သို့ပါသော်လည်း ကျွန်တော်တို့အပေါ်ထားရှိသည့် အဖေ့၏မေတ္တာတရားအကြောင်းတို့ကိုကား စကားလုံးထောင်သောင်းမျှ အသုံးပြုရုံမျှဖြင့် ပြောပြ၍မရသည်သာ ဖြစ်ပါသည်။

သားသမီးများအပေါ် ကြင်နာတတ်သော၊ မိသားစုအပေါ် နွေးထွေးတတ်သော ကိုယ်တိုင်လည်း မကောင်းမှုတို့ကို မပြုလုပ်တတ်လို တခြားသူတို့ကိုလည်း လမ်းမညွှန်တတ်သော အေးချမ်းစွာနေထိုင်တတ်သော အဖေသည်ကျွန်တော့်၏ စိတ်နှလုံးသားများထဲမှာတော့ အားကျလေးစားရသော သူရဲကောင်းတစ်ဦးအနေဖြင့် တည်ရှိနေလိမ့်မည်သာ ဖြစ်ပါသည်။ တကယ်တော့ အမေတို့၏ နို့ဖိုးကြီးမားသလို အဖေတို့၏ချွေးဖိုးသည်လည်း တန်ဖိုးများလှကြောင်း ကျွန်တော်တို့ မေ့လျော့နေခဲ့ခြင်းသာ ဖြစ်ပါသည်။ အမေတို့၏ မေတ္တာတရားက အေးမြသလို အဖေတို့၏ မေတ္တာရင်ငွေ့က နွေးထွေးလှကြောင်းကို ကျွန်တော်တို့ မေ့လျော့နေခဲ့ခြင်းသာ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ  လူသားတစ်ယောက်အနေဖြင့် အဖေ့ဘဝတွင် အမှားတချို့ကို ကျူးလွန်ကောင်း ကျူးလွန်ခဲ့မိလိမ့်မည်ဖြစ်သော်လည်း ကျွန်တော့်ဘဝတစ်လျှောက် အတုယူခဲ့သော အလေးစားရဆုံးသော အားအကျရဆုံးသော လူတစ်ယောက်၏အကြောင်းကိုပြောပါဟု ဆိုလာလျှင်တော့ အဖေ့အကြောင်းကိုသာ အားပါးတရပြောမိလိမ့်မည် ဖြစ်ပါတော့သည်။