ပြည်သူများအနေဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ချစ်မြတ်နိုးသင့်ပြီး ပြည်ပထုတ်ကုန်ပစ္စည်းများကို မုန်းတီးသင့်ကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

ပြည်သူများအနေဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ချစ်မြတ်နိုးသင့်ပြီး ပြည်ပထုတ်ကုန်ပစ္စည်းများကို မုန်းတီးသင့်ကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား
Published 5 March 2021

အင်ဒိုနီးရှားပြည်သူများအနေဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို အားပေး၊ ချစ်မြတ်နိုးသင့်ပြီး ပြည်ပထုတ်ကုန်ပစ္စည်းများကို မုန်းတီးသင့်ကြောင်း အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိိုဒိုက မတ် ၄ ရက်တွင် ပြော ကြားခဲ့သည်။

စက်မှုလုပ်ငန်းများအနေဖြင့်လည်း ပြည်ပမှ တင်သွင်းသော စက်ပစ္စည်းကိရိယာ အစိတ်အပိုင်းများကို အသုံးပြုခြင်းထက် ပြည်တွင်းထုတ် စက်ပစ္စည်းကိရိယာများကို အသုံးပြုကြရန် တိုက်တွန်းကြောင်း၊ ပြည်သူများသည် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရခြင်းကို ဂုဏ်ယူသင့်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဆွေးနွေးပွဲအတွင်း သမ္မတဝီဒိုဒိုက ပြောကြားခဲ့သည်။

ကုန်အမှတ်တံဆိပ်ကို နာမည်ကျော်အောင်ပြုလုပ်ခြင်းသည် အရေးပါပြီး ပြည်တွင်းကုန်အမှတ်တံဆိပ်များ သို့မဟုတ် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ကုန်ပစ္စည်းများကို စျေးဝယ်ကုန်တိုက် များတွင် ပြသထားရှိထားရမည်ဖြစ်ကာ ထိုကုန်ပစ္စည်းများကို လူအများပိုမိုမြင်တွေ့နိုင်သည့် နေရာကောင်းတွင် ထားရှိနိုင်ရန် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံခြား အမှတ်တံဆိပ်များကို ပြည်တွင်းအမှတ်တံဆိပ်များ၏ဘေးတွင် ပြသထားရှိနိုင်ကြောင်း ဝီဒိုဒိုက ထပ်လောင်းပြောကြားခဲ့သည်။

"ဒီလိုတွေ ဘာကြောင့်ပြောနေရလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ သန်း ၂၇၀ ကျော်ရှိတယ်။ ကျွန်တော်တို့တွေက ကျွန်တော်တို့ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို ဒိုင်ခံဝယ်ယူအားပေးတဲ့ စားသုံးသူတွေ ဖြစ်သင့်ပါတယ်။ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို ချစ်ခင်မြတ်နိုးပေးဖို့ ဆက်လက်တောင်းဆိုရပါမယ်။ ဒါ့အပြင် ပြည်ပထုတ်ကုန်ပစ္စည်းတွေကို မုန်းတီးပေးဖို့လည်း ဆက်လက်တောင်းဆိုသွားမှာပါ " ဟု ၎င်းက ဆိုသည်။

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးမှုတွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဆန်းသစ်သော တီထွင်ကြံဆမှုများနှင့်ဖန်တီးနိုင်စွမ်းများရှိသင့်ကြောင်းလည်း ပြောကြားခဲ့သည်။

"စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၅ ရာခိုင်နှုန်းရှိလာဖို့ ရည်မှန်းချက်ကို တကယ်ပြည့်ဝလာအောင် ဆောင်ရွက်ရပါမယ်။ ၂၀၂၁ ခုနှစ်ဟာ အကောင်းမြင်စိတ်ကို အခြေခံတဲ့ စီးပွားရေးနာလန်ထူမှု နှစ်တစ်နှစ်       ဖြစ်လာရပါမယ်။ ဒီအကြောင်းနဲ့စပ်လျဉ်းပြီးတော့ ကျွန်တော်ကုန်သွယ်ရေးဝန်ကြီးဌာနကို သီးသန့်တောင်းဆိုထားတာရှိပါတယ်။ အလုပ်ကို သာမန်ကာလျှံကာမလုပ်ဖို့၊ တီထွင်ကြံဆမှု အားကောင်းတဲ့ နည်လမ်းတွေ ရှိရမယ်။ ဖန်တီးနိုင်စွမ်းအားကောင်းရမယ်ဆိုတာကို တောင်းဆိုထားပါတယ်"ဟု ဝီဒိုဒိုက ဆိုသည်။ ၂၀၂၀ ပြည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးသည် ၂.၀၇ ရာခိုင်နှုန်းကျုံ့သွားခဲ့ပြီး ယင်းသည် အာရှဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားခဲ့သည့် ၁၉၉၈ ခုနှစ်နောက်ပိုင်း အင်ဒိုနီးရှားစီးပွားရေး ပထမဆုံးအကြိမ် ကျုံ့သွားခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent