ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက မြန်မာတပ်မတော်အပေါ် ဖိအားမြှင့်တင်ရန်တောင်းဆို

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက မြန်မာတပ်မတော်အပေါ် ဖိအားမြှင့်တင်ရန်တောင်းဆို
Published 2 March 2021
Ref: AP

အသစ်ခန့်အပ်လိုက်သော ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းရေးအတွက် မြန်မာတပ်မတော်အပေါ် ဖိအားမြှင့်တင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား မတ် ၁ ရက်တွင် တောင်းဆိုခဲ့သည်။ အမေရိကန်သံ အမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက အတိုင်းအတာ ကျယ်ပြောစွာပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အဓိကအကြောင်းအရာ အချို့နှင့်ပတ်သက်၍ ရုရှား၊ တရုတ်နိုင်ငံတို့နှင့်အတူ လုပ်ဆောင်သွားရန် မျှော်လင့်မိကြောင်းလည်း ပြောကြားခဲ့သည်။

သူသည် ကုလသမဂ္ဂသို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးနှင့် ပြန်လည်လက်တွဲကာ  အမေရိကန်ကို ဦးဆောင်နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ပြုလုပ်ရန် သမ္မတ ဂျိုးဘိုင်ဒင်၏ ဆုံးဖြတ်ချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် အာဏာထိန်းသိမ်းမှုနှင့်ပတ်သက်၍လည်းကောင်း၊ ဆန္ဒပြသူများအပေါ် တပ်မတော်၏ လက်ရှိနှိမ်နင်းမှုများနှင့် ပတ်သက်၍လည်းကောင်း ပြောကြားရာတွင်သော မတ်ဂရင်းဖီးက “ကျွနု်ပ်တို့အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်” ဟု ဆိုကာ မြန်မာပြည်သူများအပေါ် အမေရိကန်ပြည်ထောင်စု၏ ထောက်ခံမှုကို ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့ ဖိအားကို ထပ်မံမြှင့်တင်ရပါမယ်” ဟု ၎င်းက ပြောကြားလျက် ကုလသမဂ္ဂသာမက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာဏာထိန်းသိမ်းမှုကို ရုပ်သိမ်းရေးနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအဖွဲ့ကို ပြန်လည်ထားရှိရေးတို့အတွက် မြန်မာတပ်မတော်ကို ဖိအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ်ကို အတည်ပြုခဲ့ရာ၌ မြန်မာနိုင်ငံ၌ ဒီမိုကရေစီသို့ ပြန်သွားရေးအား အခိုင်အမာထောက်ခံကြောင်း ပြောကြားကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

သောမတ်ဂရင်းဖီးက လုံခြုံရေးကောင်စီသည် ယခုလ၌ မြန်မာအရေးနှင့်ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားပြီး ပို၍ပြင်းထန်သော ဆွေးနွေးမှုများပြုလုပ်ရန် တွန်းအားပေးရေးကိုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent