ဟောင်ကောင်တွင် အစိုးရနှင့်သဘောထား ကွဲလွဲဆန့်ကျင်သူများ တရားစွဲဆိုခံရပြီးနောက် တရားရုံး အပြင်ဘက်တွင် ဒီမိုကရေစီလိုလားသူများစုရုံး

ဟောင်ကောင်တွင် အစိုးရနှင့်သဘောထား ကွဲလွဲဆန့်ကျင်သူများ တရားစွဲဆိုခံရပြီးနောက် တရားရုံး အပြင်ဘက်တွင် ဒီမိုကရေစီလိုလားသူများစုရုံး
Published 1 March 2021
Ref: AFP

ဟောင်ကောင်တွင် အစိုးရနှင့် သဘော ထားကွဲလွဲဆန့်ကျင်သူများအနက် လူသိများ ထင်ရှားသူများ အဖျက်အမှောင့်လုပ်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီးနောက် တစ်ရက်အကြာ မတ်လ ၁ ရက်တွင် စွဲချက်တင်ခံရသူများကို ရုံးတင်စစ်ဆေးသည့် တရားရုံးအပြင်ဘက်တွင် ရာနှင့်ချီသည့် ဒီမိုကရေစီ လိုလားသူများ စုရုံးခဲ့ကြပြီး အာဏာပိုင်များကို ဆန့်ကျင် ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြသည်။

ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်က အလွန်ကြီးမားသည့် ဒီမိုကရေစီဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရသည် ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားသူများကို နှိမ် နှင်းရန် ကြိုးပမ်းခဲ့သည်။

ထို့နောက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကြောင့် ဟောင်ကောင်တွင် လူလေးဦးထက် ပိုမစုရသည့် ကပ်ရောဂါစီမံချက်များရှိနေချိန်တွင် တရုတ်အစိုးရသည် ဒီမိုကရေစီတက်ကြွ လှုပ်ရှားသူများကို အကြွမဲ့ဖိနှိပ်နိုင်မည့် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က ရဲတပ်ဖွဲ့သည်  ယင်းဥပဒေကို အသုံးပြုပြီး အစိုးရဆန့်ကျင်သူ ၄၇ ဦးကိုု အဖျက်အမှောင့် လုပ်ငန်းများ လုပ်ရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခဲ့ ပြီး အာဏာပိုင်များသည် ဒီမိုကရေစီလှုပ်ရှား မှုကို တစ်ကြိမ်တည်းနှင့်အပြီးသတ် ချေမှုန်း ရန် ကြိုးပမ်းနေသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နှင့် ပြည်ပခေါင်းဆောင်များ ကမူ ယင်းကဲ့သို့ တရားစွဲဆိုမှုများကို ဝေဖန်ခဲ့ ကြပြီး ဖမ်းဆီးခံထားရသူများကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့ပြင် တရုတ်အစိုးရသည် ဟောင် ကောင်ကို ဗြိတိန်လက်မှ လွှဲပြောင်းလက်ခံခဲ့ ချိန်တွင် ဟောင်ကောင်အားကိုယ်ပိုင်အုပ် ချုပ်ခွင့်နှင့် လွတ်လပ်ခွင့်တို့အတွက် ထားရှိ ခဲ့သည့် ကတိများကို ချိုးဖျက်နေသည်ဟု အနောက်အင်အားကြီးနိုင်ငံများက စွပ်စွဲခဲ့ သည်။

မတ်လ ၁ ရက်က အနောက် ကောင်း လွန်း တရားရုံးတွင် ပြုလုပ်ခဲ့သည့် တရားရုံး ကြားနာစစ်ဆေးမှုသည် ပြည်သူများ၏ အာခံ ချင်စိတ်ကို တစ်ဖန်ပြန်လည်နိုးကြွစေခဲ့ပြီး ရာနှင့် ချီသည့် ဒီမိုကရေစီလိုလားသူများသည် တရားရုံးအပြင်ဘက်တွင် စုရုံးခဲ့ကြသည်။

၎င်းတို့အနက် အချို့သည် “နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေး” ဟူသည့် ကြွေကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး  လက်ရှိတွင် လုံခြုံရေးဥပဒေသစ်အရ တရားမဝင်တော့ကြောင်း အာဏာပိုင်များက သတ်မှတ်ခဲ့သည့် “ငါတို့ရဲ့ တော်လှန်ရေးအချိန်၊ ဟောင်ကောင်လွတ်မြောက်ရေး” ဟူသည့်  နိုင်ငံ ရေးကြွေးကြော်သံကိုပါ ဟစ်ကြွေခဲ့ကြ သည်။ထို့ပြင် စုရုံးရောက်ရှိလာသူအချို့သည် ထိုင်း နှင့် မြန်မာနိုင်ငံတို့တွင် ဒီမိုကရေစီ လိုလား သည့် ဆန္ဒပြသူများ အသုံးပြုနေသည့် Hunger Games ရုပ်ရှင်ဇာတ်ကားထဲမှ တော်လှန်ခြင်းသင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင် ဆန္ဒပြမှုပြုလုပ်ခဲ့သည်။

သို့သော်လည်း လူအင်အားအနည်းငယ် သာပါဝင်သည့် အမျိုးသားရေးဝါဒီအဖွဲ့တစ် ဖွဲ့ကမူ “သစ္စာဖောက်များအား ပြင်းထန်စွာ အပြစ်ပေးရေး၊ အမျိုးသားလုံခြုံရေး ဥပဒေ ထုတ်ပြန်ရေးနှင့် ဆန့်ကျင်သူအားလုံးကို ထောင်ချရေး” အစရှိသည့် စာသားများအပါ အဝင် ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူများ အား အဖျက်အမှောင့်လုပ်မှုစွဲချက်များဖြင့် တရားစွဲဆိုမှုကို ကြိုဆိုသည့် စာသားများ ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင် ကာ ဆန္ဒပြခဲ့ကြသည်။                 



 

Most Read

Most Recent