မြန်မာနိုင်ငံ၌ လူ ၁၈ ဦးထက်မနည်းသေဆုံးခဲ့သည့် ဆန္ဒပြဖြိုခွဲမှုအား ကုလအတွင်းရေးမှူးချုပ်နှင့် အီးယူအကြီးအကဲတို့ ပြင်းထန်စွာ ရှုတ်ချ

မြန်မာနိုင်ငံ၌ လူ ၁၈ ဦးထက်မနည်းသေဆုံးခဲ့သည့် ဆန္ဒပြဖြိုခွဲမှုအား ကုလအတွင်းရေးမှူးချုပ်နှင့် အီးယူအကြီးအကဲတို့ ပြင်းထန်စွာ ရှုတ်ချ
Published 1 March 2021
Ref: AFP

မြန်မာနိုင်ငံတွင် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည့် ဆိုးရွားပြင်းထန်သည့် ဆန္ဒပြ ဖြိုခွဲမှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ဘော်ရဲလ်တို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြင်းထန်စွာရှုတ်ချခဲ့ကြသည်။

ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနိုင်ငံတွင် လူ ၁၈ ဦးသေဆုံးပြီး လူအများအပြား ပြင်းထန်ဒဏ်ရာများရရှိခဲ့မှုကြောင့် အလွန် စိတ်အနှောက်အယှက်ဖြစ်ရကြောင်းနှင့် ယင်းကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အသက်အန္တရာယ်ထိခိုက်စေလောက်သည့် အင်အားအသုံးပြုမှုနှင့် ဖမ်းဆီးမှုများကို လက်မခံနိုင်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဒူဂျာရစ်က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့သည့် မြန်မာပြည်သူများ၏ သဘောဆန္ဒကို လေးစားရန် နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပြီး တပ်မတော်အား ရှင်းလင်းတိကျသည့် သတင်းစကားပေးရန်နှင့် ယခုကဲ့သို့ ဖိနှိပ်မှုများကို ရပ်တန့်ရန် အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဥရောပသမဂ္ဂ၏ သံတမန်အကြီးအကဲ ဘော်ရဲလ်ကလည်း ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့သည့် တပ်မတော်၏ဆန္ဒပြ ဖြိုခွင်းမှုကို ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု အတည်ပြုခဲ့သည်။

“ အကြမ်းဖက်မှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြောက်ခံထားရတဲ့ အစိုးရအဖွဲ့ကို တရားမဝင်ဖြတ်ချမှုကို တရားဝင်ဖြစ်လာစေမှာ မဟုတ်ပါဘူး” ဟု ဘော်ရဲလ်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

“ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်မရှိတဲ့ ပြည်သူတွေကို ပစ်ခတ်တာဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားတယ်ဆိုတာကို ပြသရာရောက်ပြီး ဒီလုပ်ရပ်တွေအတွက် တာဝန်ယူရပါလိမ့်မယ်” ဟု ဘော်ရဲလ်က ပြောကြားခဲ့သည်။

“ဥရောပသမဂ္ဂဟာ ဒီဖြစ်စဉ်ကို မကြာမီ တုံ့ပြန်ဖို့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ ဝန်ကြီးများသည် ယခင်ကတည်းက တပ်မတော်ခေါင်းဆောင်များကို ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် ထောက်ပံ့မှုများကို ပိတ်ပင်ရန် သဘောတူညီထားခဲ့သည်။

ပိတ်ဆို့မှုများသည် လာမည့်ရက်ပိုင်းအတွင်း အပြီးသတ် အတည်ပြုနိုင်မည်ဟု မျှော်လင့်ရပြီး ဥရောပသမဂ္ဂ၏ ကြေညာချက် ထုတ်ပြန်သည့်အချိန်တွင် ယင်းပိတ်ဆို့မှုများ စတင်အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

Most Read

Most Recent