ဒီမိုကရေစီအုပ်ချုပ်ရေးပြန်လည်ရရှိရန် လိုလားချက်များ ထုတ်ဖော်ဆန္ဒပြရင်း အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထပ်တူရှိကြောင်း ကနေဒါသံရုံးထုတ်ပြန်

ဒီမိုကရေစီအုပ်ချုပ်ရေးပြန်လည်ရရှိရန် လိုလားချက်များ ထုတ်ဖော်ဆန္ဒပြရင်း အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထပ်တူရှိကြောင်း ကနေဒါသံရုံးထုတ်ပြန်
မြေနီကုန်းတွင် ဆန္ဒပြနေသူများအား ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းကတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မြေနီကုန်းတွင် ဆန္ဒပြနေသူများအား ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းကတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 28 February 2021

မြန်မာနိုင်ငံတွင်  ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ရရှိရန်အတွက် ၎င်းတို့၏လိုလားချက်များကို ထုတ်ဖော်ခြင်းဖြင့် ဆန္ဒပြရင်း အသက်ဆုံးရှုံးသွားရသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထပ်တူရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။

ထိုသို့ လက်နက်မဲ့ဆန္ဒပြနေသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးခြင်း အပါအဝင် ဆန္ဒပြသူများ၊ နိုင်ငံရေးသမားများ၊ အစိုးရဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် ဒီမိုကရေစီ ဘက်တော်သား ခေါင်းဆောင်များကိုဖမ်းဆီး၊ ထိန်းသိမ်းခြင်းများအား ပြင်းထန်စွာရှုတ်ချကြောင်းလည်း ကနေဒါသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဆန္ဒပြသူများအားတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ကနေဒါသံရုံးက ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုသည်။

ရန်ကုန်နှင့် နိုင်ငံတစ်ဝန်း ဆန္ဒပြသူများကို အကြမ်းဖက်ခြင်း၊ အင်အားသုံး နှိမ်နင်းခြင်းများ တိုးပွားလာခြင်းတို့ကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများ တွေ့ရှိရသည့်အတွက် များစွာထိတ်လန့်တုန်လှုပ်မိကြောင်း ကနေဒါသံရုံးက ဆိုသည်။

အလားတူအင်တာနက် အပြည့်အဝ ပြန်ပေးရန်နှင့် လူမှုကွန်ရက်ဆိုင်ရာပိတ်ဆို့မှုများကို ပယ်ဖျက်ပေးရန်လည်း ကနေဒါသံရုံးက တောင်းဆိုသည်။

ကနေဒါနိုင်ငံ၏ အစောပိုင်းထုတ်ပြန်ချက်များနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လတ်တလော ပြောကြားချက်များကို ထပ်လောင်းပြောကြားလိုပြီး ကနေဒါနိုင်ငံသည် မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်မည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ ဆန္ဒပြပြည်သူများကို ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ အကြမ်းဖက်ဖြိုခွဲမှုများ စတင်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း ရန်ကုန်အပါအဝင် နယ်မြို့များရှိ ဆန္ဒပြလူထုကို မျက်ရည်ဗုံး၊ အသံဗုံးနှင့် ကျည်အစစ်များအသုံးပြု၍ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် သေဆုံးသူအချို့နှင့် ဒဏ်ရာရသူ အများအပြားရှိကြောင်း သိရသည်။

Most Read

Most Recent