၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၏စီးပွားရေးကျဆင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ် စတုတ္ထသုံးပတ်တွင် စီးပွားရေးပြန်လည်တိုးတက်လာမည့် အလားအလာရှိကြောင်း၊ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုဖြစ်သော နိုင်ငံ့စီးပွားရေးထိခိုက်မှုကို စားသုံးသူများ၏ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှုတို့က ကုစားနေချိန်တွင် အိန္ဒိယစီးပွားရေး ပြန်လည်နာလန်ထူမှုနှုန်း တဖြည်းဖြည်းလျင်မြန်လာမည်ဟု ခန့်မှန်းရကြောင်း စီးပွားရေးပါရဂူများက ဆိုသည်။
ယခုသီတင်းပတ်အတွင်း ဘောဂဗေဒပညာရှင် ၅၈ ဦးကို မေးမြန်းကောက်ယူထားသော သဘောထားစစ်တမ်းအရ အာရှ၏စီးပွားရေးအင်အားတတိယအကြီးဆုံး အိန္ဒိယ၌ ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) သည် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဇွန်လ (ဒုတိယသုံးလပတ်) အတွင်း ၂၃.၉ ရာခိုင်နှုန်း၊ ဇူလိုင်လမှ စက်တင်ဘာလ (တတိယ သုံးလပတ်) အတွင်း ၇.၅ ရာခိုင်နှုန်း ကျုံ့လာခဲ့ပြီးနောက် အောက်တိုဘာလမှ ဒီဇင်ဘာလ (စတုတ္ထသုံးလပတ်) အတွင်း GDP သည် ၂၀၁၉ ခုနှစ် ကာလတူနှင့်ယှဉ်ပါက ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ဖွယ်ရှိကြောင်း ထင်ကြေးပေးထားကြသည်။
၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်ကာလအတွင်းကရှိခဲ့သည့် နိုင်ငံ့ GDP အချက်အလက်ကို ယခုသီတင်းပတ်၌ အိန္ဒိယအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာရန် စီစဉ်ထားသည်။ အစိုးရအဖွဲ့၏ငွေကြေးသုံးစွဲမှု၊ စားသုံးသူများ၏ ဝယ်လိုအားနှင့် စီးပွားရေးလုပ်ငန်းအများစု ပြန်လည်ဖွင့်လှစ်မှု မြင့်တက်လာခြင်းက နိုင်ငံ့စီးပွားရေးဦးမော့မှုကို အကူအညီဖြစ်စေခဲ့သည်ဟု ခန့်မှန်းလျက် အိန္ဒိယ၏လက်ရှိဘဏ္ဍာနှစ်နှင့်လာမည့်ဘဏ္ဍာနှစ်အတွက် စီးပွားရေး ပါရဂူများက ၎င်းတို့၏ ခန့်မှန်းချက်များကို အကောင်းဘက်သို့ ဇောင်းပေးခဲ့ကြသည်။
“ ထုတ်ကုန်သုံးစွဲမှုနှုန်း မြင့်တက်လာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ အစိုးရအဖွဲ့က ပြုပြင်ပြောင်လဲမှုတွေ လုပ်ဆောင်ခြင်းနဲ့ အတိုးနှုန်းလျှော့ချပေးခြင်းတို့က ကပ်ရောဂါအလွန်အိန္ဒိယရဲ့ စီးပွားရေးပြန်လည်ဦးမော့မှုကို အားသစ်လောင်းပေးပါလိမ့်မယ်” ဟု ဖေဖော်ဝါရီ ၂၅ ရက် ထုတ်ပြန်ချက်တွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ပြောကြားခဲ့သည်။
မတ်လတွင်ကုန်ဆုံးမည့် လက်ရှိအိန္ဒိယဘဏ္ဍာနှစ်အတွက် GDP ကျုံ့မှု ၁၀ ရာခိုင်နှုန်းရှိလိမ့်မည်ဟု မိုဒီကခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် ခုနစ်ရာခိုင်နှုန်းသို့ ပြန်လည်လျှော့ချခန့်မှန်းခဲ့သည်။
လာမည့်ဘဏ္ဍာနှစ်တွင် စီးပွားရေးလုပ်ငန်းများ စတင်လည်ပတ်မှု အကူအညီဖြင့် အိန္ဒိယစီးပွားရေး ၁၃.၇ ရာခိုင်နှုန်းအထိ တိုးတက်လာလိမ့်မည်ဟု အစိုးရအဖွဲ့က မျှော်လင့်ထားသည်။
ကုန်ထုတ်လုပ်မှု မြင့်တက်လာစေရန်အတွက် အခွန်လျှော့ချပေးခြင်းနှင့်အတူ COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အတွက် ရန်ပုံငွေထောက်ပံ့မည့် စီမံချက်များကို မိုဒီ၏အစိုးရအဖွဲ့က ယခုလတွင် ထုတ်ပြန်ခဲ့သည်။
ကပ်ရောဂါကြောင့် ငွေကြေးမတည်မငြိမ်ဖြစ်မှုကို ထိန်းရန် ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ချေးငွေနှုန်းထား (Repo Rate) ကို အခြေခံအမှတ် ၁၁၅ အထိ လျှော့ချပေးခဲ့သည့် အိန္ဒိယဗဟိုဘဏ် (Reserve Bank of India) က ဧပြီလတွင်စတင်မည့် နောက်ဘဏ္ဍာနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၁၀.၅ ရာခိုင်နှုန်းရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
“စနစ်အတွင်း ငွေပေါ်လွယ်မှုများပြားစေတဲ့ အရာတွေကို ဖန်တီးပေးခြင်းဖြင့် စီးပွားရေးပြန်လည် နာလန်ထူရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်” ဟု RBI ဘဏ်မှ အကြီးအကဲ ရှိတ်တီကာနာဒက်စ်က စက်မှုလုပ်ငန်းရှင်များအား ပြောကြားခဲ့သည်။
သို့သော် မကြာသေးမီက နိုင်ငံ၏နယ်မြေဒေသအများအပြားတွင် COVID-19 ကူးစက်ခံရသူအရေအတွက် တစ်ရှိန်ထိုးမြင့်တက်လာခြင်း၊ ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းတို့က အခြေတည်စဖြစ်သော စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေလိမ့်မည်ဟု လေ့လာသုံးသပ်သူအချို့က ခန့်မှန်းကြသည်။
“မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ခဲ့တဲ့ ဖြစ်စဉ်လိုမျိုးကိစ္စတွေကို စောင့်ကြည့်နေရမှာဖြစ်ပေမယ့် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကတော့ အတက်ဘက်ကိုပဲ ဆက်လက်ဦးတည်နေပါတယ်” ဟု Nomura ကုမ္ပဏီမှ ဘောဂဗေဒပညာရှင် ဆိုနယ်ဗာမာက ပြောကြားခဲ့သည်။














