အမေရိကန်စစ်ဘက်ဆိုင်ရာသည် ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ အီရန်၏ ကျောထောက်နောက်ခံရရှိထားသည့် လက်နက်ကိုင်အဖွဲ့များအသုံးပြုနေသည့် အဆောက်အအုံများကို ဖေဖော်ဝါရီ ၂၅ ရက်က တိုက် ခိုက်ခဲ့ပြီး ယင်းသည် မကြာသေးမီက အီရတ်နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့များ တည်ရှိသည့် နေရာဒေသများတွင် ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့သစ်၏ အီရန်အား သတင်းစကားပါးမှုတစ်ခုအဖြစ် ရှုမြင်နိုင် သည်။
ပြီးခဲ့သည့် သီတင်းငါးပတ်ခန့်က ဘိုင်ဒင် သမ္မတရာထူး စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးကတည်းက အီရန်နှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့များကို ပထမဆုံးအကြိမ် စစ်ရေးအရ တိုက်ခိုက်ခဲ့မှုတွင် စစ်သွေးကြွ အဖွဲ့များ ထိန်း ချုပ်ထားသည့်ဆီးရီးယား-အီရတ်နယ်စပ် ထိန်းချုပ်ရေးနေရာတစ်ခုကို လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံများစွာ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“သမ္မတ ဘိုင်ဒင်ရဲ့ ညွှန်ကြားချက်အရ အမေရိကန် စစ်ဘက်ဆိုင်ရာဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက အီရန် ရဲ့ ကျောထောက်နောက်ခံရရှိထားတဲ့ စစ်သွေးကြွ အဖွဲ့တွေ အသုံးပြုနေသည့် အခြေခံအ ဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဌာန၏ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
“အဲဒီတိုက်ခိုက်မှုတွေဟာ မကြာသေးခင်က အီရတ်မှာရှိတဲ့ အမေရိကန်နဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့မှုတွေနဲ့ အဲဒီ တပ်ဖွဲ့ ဝင်တွေအပေါ် ဆက်လက်ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ယင်းတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ နှင့် သေဆုံးသူရှိ၊ မရှိ ကာဘီက ပြောကြားခြင်း မရှိခဲ့ပေ။
သို့သော်လည်း ဆီးရီးယား လူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကမူ ယင်းတိုက်ခိုက်မှုသည် အီရတ်နယ်စပ်အနီးရှိ ဆီးရီးယားမြို့ဖြစ်သည့် ဘူကာမယ်လ်မြို့မှ မောင်းနှင်လာသည့် ခဲယမ်းမီးကျောက်များ တင်ဆောင်လာသည့် ကုန်တင်ကားသုံးစီးကို ထိမှန်ခဲ့ပြီး လူ ၁၇ ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူအားလုံးသည် အီရန်နှင့် ဆက်နွှယ်မှုရှိပြီး အီရတ်အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းထားသည့် ဟာရှက် အယ်ရှာဘီ လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်သည်ဟု ယင်းလေ့ လာရေးအဖွဲ့က ပြောကြားခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာသည် ဟာရှက် အယ်ရှာဘီအဖွဲ့လက်အောက်မှ ရှီး အိုက် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကာ တက်ဘ် ဟစ်ဇ်ဘိုလာနှင့် ကာတက်ဘ် ဆေး ယစ် ရှယ်ရှူဟာဒါ အဖွဲ့များထိန်းချုပ်ထားသည့် နေရာဖြစ်ကြောင်း ကာဘီက ပြောကြားခဲ့ သည်။
မကြာသေးမီက အီရတ်နိုင်ငံတွင် အမေရိကန်နှင့် ညွန့်ပေါင်းတပ်ဖွဲ့များအသုံးပြုနေသည့် အဆောက်အအုံများတွင် ရော့ကက်သုံးစင်းဖြင့် တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က ယခုကဲ့သို့ လေကြောင်းတိုက် ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်း ရော့ကက်ဖြင့်တိုက်ခိုက်မှုများ အနက် တိုက်ခိုက်မှုတစ်ခုမှာ ဖေဖော်ဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦးနှင့် ညွန့်ပေါင်းတပ်ဖွဲ့များနှင့် အလုပ်တွဲလုပ်နေ သည့် ပြည်ပ ကန်ထရိုက်တာတစ်ဦးသေဆုံး ခဲ့ပြီးအမေရိကန် စစ်သားများနှင့် ကန်ထရိုက်တာအချို့ဒဏ်ရာရရှိခဲ့သည်။














