ဆင်းရဲသောနိုင်ငံမှ တရားဥပဒေစိုးမိုးရေး

ဆင်းရဲသောနိုင်ငံမှ တရားဥပဒေစိုးမိုးရေး
Published 24 February 2021

ဆင်းရဲသောတိုင်းပြည်မှ ပြည်သူများသည် ချမ်းသာသော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်မှ ပြည်သူများနှင့်ယှဉ်လျှင် လူ့အခွင့်အရေးနှင့် အစိုးရကပေးသော ဝန်ဆောင်မှု ကဏ္ဍများတွင် ချို့တဲ့နေပေလိမ့်မည်။

အဆင်းရဲဆုံးနှင့် အားအနည်းဆုံး လူ (ပြည်သူ) များအတွက် ၎င်းတို့အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တို့၏ ဆောင်ရွက်ပုံနည်းလမ်းများက ၎င်းတို့၏ဘဝ၌ များစွာသော ကွဲပြားခြားနားမှုများကို ဖြစ်စေနိုင်သည်။ ယင်း၏ နောင်ဆက်တွဲဆိုးကျိုးများကို ခါးစည်းခံကြရမည်။ ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှု ဆက်နွှယ်နေသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ ဝင်ငွေမရှိခြင်း သို့မဟုတ် အလုပ်အကိုင်အခွင့်အလမ်းမရှိ၍ ဝင်ငွေရလမ်းနည်းပါးခြင်းသည် မကောင်းမှု ဒုစရိုက်များဆီသို့ တွန်းပို့နိုင်သည်ဆိုခြင်းမှာ ယုတ္တိရှိသည့် သဘောတရားတစ်ရပ်ပင်ဖြစ် သည်။ ဂရိတွေးခေါ်ရှင် အရစ္စတိုတယ်က “ဆင်းရဲမွဲတေမှုသည် ရာဇဝတ်မှု၏မိဘ” ဟု ဆိုထားသည်။

ပဋိပက္ခများကိုကာကွယ်ရန်၊ အခြေခံလုံခြုံရေး သို့မဟုတ် အခြေခံဝန်ဆောင်မှုများကို ထောက်ပံ့ရန် အစိုးရအင်စတီကျူးရှင်းများ၏ မစွမ်းဆောင်နိုင်မှုက နိုင်ငံသားများ (အထူးသဖြင့် ဆင်းရဲသားများ) အတွက် ပျက်စီးရာပျက်စီးကြောင်း အကျိုးဆက်များကို ဖြစ်စေနိုင်သည်။

ဆင်းရဲမှုနှင့် မပြည့်စုံမှုတို့၏နောက်တွင် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုသည်လည်း ပြဿနာတစ်ရပ် ဖြစ်လာလိမ့်မည်။ တရားဥပဒေစိုးမိုးမှုမရှိသော တိုင်းပြည်တွင် အဂတိ ထူပြောမည်ဖြစ်သည်။ အထက်မှ အောက်ခြေအဆင့်ထိ အဂတိအမြစ်တွယ်နေသည့်အခါ တိုင်းပြည် နာလန်ထူရန်မလွယ်တော့ပေ။ တိုင်းပြည်ဆင်းရဲတွင်းမှ မလွန်မြောက်နိုင်တော့ပေ။ တရားဥပဒေစိုးမိုးမှုသည် တိုင်းပြည်ဆင်းရဲချမ်းသာနှင့်လည်း ယှဉ်၍ ကွာဟမှုရှိသည်မှာ အမှန်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး Rule of Law အား လူ့အဖွဲ့အစည်းအတွင်း ဥပဒေနှင့်ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များအပါအဝင်) လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရား ဖြစ်သည်ဟုလည်း ဆိုကြသည်။

တရားဥပဒေစိုးမိုးရေးဟူသည် ဥပဒေပြုအမတ်များ၊ ဥပဒေထိန်းသိမ်းရေးအဖွဲ့အစည်းမှ သက်ဆိုင်ရာအရာရှိများနှင့် တရားသူကြီးများအပါအဝင် လူတိုင်းက ဥပဒေကို ခံယူခြင်းအား ရည်ညွှန်းခြင်း ဖြစ်သည်။ ယင်းအမြင်အရကြည့်လျှင် တရားဥပဒေစိုးမိုးရေး ဟူသည် အုပ်စိုးသူများက ဥပဒေ၏အထက်၌ရှိနေသော သက်ဦးဆံပိုင်စနစ် သို့မဟုတ် လူနည်းစုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသောစနစ်များနှင့် ဆန့်ကျင်ရပ်တည်၍ နေသည်။ ဥပမာအားဖြင့် ဥပဒေကို လျစ်လျူပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းကြောင့် အာဏာရှင်စနစ်များ၌သာမက ဒီမိုကရေစီစနစ်များ၌ပါ တရားဥပဒေစိုးမိုးရေး ချို့တဲ့မှုကို တွေ့မြင်ရတတ်သည်။ အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေကို ပြန်လည်ထိန်းသိမ်းရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ထိရောက်အောင် မဆောင်ရွက်နိုင်သည့်အခါ တရားဥပဒေစိုးမိုးရေးသည် ယိုယွင်းပျက်စီးရန်သာ ပိုမိုအလေးသာစေသည်။

မည်သည့်နိုင်ငံ၌မဆို တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးလာပါက ပြည်သူလူထု၏ နေ့စဉ်ဘဝများ မလုံခြုံရုံမျှမက အသက်မွေးမှုအလုပ်များကိုလည်း ကောင်းစွာပြုလုပ်နိုင် တော့မည်မဟုတ်သောကြောင့် သက်ဆိုင်ရာနိုင်ငံအနေဖြင့် အလုံးစုံပျက်သုဉ်းမှုလမ်း ကြောင်းဆီသို့သာ ဦးတည်၍သွားမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်လျှင် ပြည်သူလူထုမှာ ပို၍ အထိနာပေလိမ့်မည်။ အထူးသဖြင့် အခြေခံလူတန်းစားအလွှာတွင် ကြီးစွာသော အကျပ်အတည်းများဖြစ်ပြီး ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း လူတန်းစားကွာဟမှုကြီးထွားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းပေါ်သို့ ရောက်ရန် ခဲယဉ်းပေလိမ့်မည်။

နိုင်ငံတစ်နိုင်ငံအတွက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမူဝါဒများသည် အရေးကြီးသကဲ့သို့ တစ်ဆက်တည်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စများကိုပါ အလေးထားလုပ်ဆောင်ရန် လိုအပ်ခြင်းသည်လည်း အရေးကြီးကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent