ကာကွယ်ဆေးလက်ဝါးကြီးအုပ်မှု

ကာကွယ်ဆေးလက်ဝါးကြီးအုပ်မှု
Published 23 February 2021

COVID-19 ဗိုင်းရပ်စ်ပိုးတစ်မျိုး ကမ္ဘာတစ်လွှားတွင် စတင်ပျံ့နှံ့ခဲ့ပြီးနောက် တစ်နှစ်ကျော်လာချိန်၌ COVID-19 ကာကွယ်ဆေးအများအပြား ထွက်ပေါ်လာပြီဖြစ်သည်။ ကျန်းမာရေးအာဏာပိုင်များကလည်း အရေးပေါ်အသုံးပြုမှုအတွက် ခွင့်ပြုပေးခဲ့ရာ သမိုင်းတွင် ကူးစက်ရောဂါတစ်ခုအတွက် အမြန်ဆုံးထွက်ပေါ်လာသည့် ကာကွယ်ဆေး ဖြစ်လာသည်။ ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲချို့တဲ့သောနိုင်ငံများသည် ၎င်းတို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလလယ်ပိုင်းကြားတွင် စတင်ရရှိနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ဖူးသည်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိရေးနှင့် ဖြန့်ချိရေးအစီအစဉ်ဖြစ်သည့် COVAX တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ဘီလျံ ဖြန့်ချိသွားရန် ကတိကဝတ်ပြုထားခဲ့သည်။

သို့သော် ချမ်းသာသော နိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လက်ဝါးကြီးအုပ် ရယူနေခြင်းသာမက ဆင်းရဲသောနိုင်ငံများထံ ကာကွယ်ဆေး ရောက်ရှိမည့် လမ်းကြောင်းအား ဟန့်တားပိတ်ပင်ထားခြင်းမပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၂၂ ရက်၌ သတိပေးပြောကြားခဲ့သည်။ ချမ်းသာသော နိုင်ငံအချို့သည် ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် တိုက်ရိုက် သဘောတူစာချုပ် ချုပ်ဆိုထားကြပြီး ယင်းသို့ လုပ်ဆောင်ခြင်းသည် COVAX အစီအစဉ်မှ ဆင်းရဲသောနိုင်ငံများကို ကာကွယ်ဆေး ပို့ဆောင်ပေးမည့် ကနဦး လျာထားချက်များအား လျော့ကျစေသည်ဟု WHO အကြီးအကဲ တက်ဒရို အာဒါနွန် ဂီဘရီယေဆုက ပြောကြားခဲ့သည်။ ဆင်းရဲသောနိုင်ငံများ ကာကွယ်ဆေး ရရှိနိုင်ရန်အတွက် COVAX အစီအစဉ်တွင် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဂျာမနီတို့မှ လှူဒါန်းထားသော ငွေကြေးများ ရှိသော်လည်း ယင်းငွေကြေးများသည် ကာကွယ်ဆေး မဝယ်ယူလျှင် အချည်းနှီးသာဖြစ်လိမ့်မည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။

ဆင်းရဲသောနိုင်ငံများက ကာကွယ်ဆေး ရရှိရန် မှီခိုစောင့်ဆိုင်းနေရသော COVAX အစီအစဉ်တွင် ယင်းနိုင်ငံများအား ဖြန့်ချိရန် ကာကွယ်ဆေးပမာဏ လျော့နည်းသွားခြင်း မရှိစေရန်အတွက် ချမ်းသာသောနိုင်ငံများအနေဖြင့် ဆေးကုမ္ပဏီများနှင့် ကိုယ်ပိုင်သဘောတူညီချက်များ ပြုလုပ်ထားခြင်း ရှိ၊ မရှိ ပထမဆုံး စတင်စစ်ဆေးကြရန် တက်ဒရိုက တိုက်တွန်းခဲ့သည်။ “ ခင်ဗျားတို့မှာ ပိုက်ဆံရှိနေရင်တောင်  ခင်ဗျားတို့တွေ ကာကွယ်ဆေးဝယ်ဖို့ ပိုက်ဆံ မသုံးဘူးဆိုရင် အဲ့ဒီပိုက်ဆံက ဘာအဓိပ္ပာယ်မှ ရှိတော့မှာ မဟုတ်ဘူး” ဟု ၎င်းက ဂျာမနီသမ္မတ ဖရန့်ဝေါတား စတိုင်းမားနှင့် အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ အချို့ဝင်ငွေမြင့်တဲ့နိုင်ငံတွေက ကာကွယ်ဆေးပိုရအောင် ဆေးကုမ္ပဏီတွေဆီ ချဉ်းကပ်နေတာတွေဟာ COVAX အစီအစဉ်ကို ထိခိုက်စေပါတယ်။ ဒီလုပ်ရပ်တွေကြောင့် COVAX အတွက် ရရှိတဲ့ ကာကွယ်ဆေးပမာဏက လျော့ကျသွားပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။ “ ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ COVAX သဘောတူညီချက်တွေကို လေးစားပြီး ပူးပေါင်းပါဝင်ပေးမယ်ဆိုရင် COVAX အစီအစဉ်မှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ဆေး ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ COVAX အစီအစဉ်၏ ပထမအသုတ် ကာကွယ်ဆေး ဖြန့်ချိမှုကို ဖေဖော်ဝါရီနှောင်းပိုင်းနှင့် ဇွန်လကုန်ကြားတွင် ပို့ဆောင်သွားရန် စီစဉ်ထားသည်။ ယင်းအစီအစဉ်တွင် ပါဝင်သည့် ၁၄၅ နိုင်ငံအတွက် စုစုပေါင်း ကာကွယ်ဆေးအလုံးရေ ၃၃၇.၂ သန်း ရရှိမည်ဖြစ်ပြီး ယင်းနိုင်ငံများ၏ လူဦးရေသုံးပုံတစ်ပုံအတွက် လုံလောက်မည့် ကာကွယ်ဆေးများကို ပို့ဆောင်ပေးသွားရန် စီစဉ်ထားသည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့လူဦးရေအားလုံးနီးပါးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ဆက်လက်လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent