ကာကွယ်ဆေးနှင့် ဗိုင်းရပ်စ်မျိုးကွဲသစ်

ကာကွယ်ဆေးနှင့် ဗိုင်းရပ်စ်မျိုးကွဲသစ်
Published 18 February 2021

တရုတ် ဆေးကုမ္ပဏီ Sinovac ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် အကျိုးအာနိသင် သိသိသာသာ လျော့နည်းနေသည့်ကြားမှ ဟောင်ကောင်မှ ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့ တစ်ဖွဲ့သည် ယင်းကာကွယ်ဆေးအား အလျင်အမြန် ထောက်ခံခဲ့ပြီးနောက် အစိုးရက ဖေဖော်ဝါရီ ၁၈ ရက်၌ ယင်းကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် အတည်ပြုပေးခဲ့သည်။ COVID-19 ကာကွယ်ဆေး အလုံးရေ တစ်သန်းသည် မကြာမီ ဟောင်ကောင်သို့ ပထမအသုတ်အဖြစ် ရောက်ရှိလာလိမ့်မည်ဟု ဟောင်ကောင် အစိုးရက ထုတ်ပြန်ခဲ့သည်။ ပထမဆုံး ကာကွယ်ဆေး ထိုးနှံမှုကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်နိုင်မည်ဟု ဒေသတွင်း မီဒီယာတွင် ဖော်ပြထားသည်။ တရုတ်အာဏာပိုင်များအပေါ် ယုံကြည်မှု ကင်းမဲ့နေသည့် ဟောင်ကောင် ဒေသခံများအား ယင်းကာကွယ်ဆေးကို ထိုးနှံကြရန် ခက်ခဲစွာ ဆွဲဆောင်ပြောကြားရမည့် အရေးနှင့် အာဏာပိုင်များ ကြုံတွေ့နိုင်ဖွယ် ရှိနေသည်။ ကာကွယ်ဆေး၏ ကောင်းကျိုးများသည် ဆိုးကျိုးများထက် ပိုမိုအလေးသာနေသည်ဟု အစိုးရအကြံပေးအဖွဲ့က Sinovac ကာကွယ်ဆေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၆ ရက်၌ ပြောကြားခဲ့သည်။     

တောင်အာဖရိကတွင် ပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်သည် အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် တွဲဖက်ဂျာမန် ဆေးကုမ္ပဏီ BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးမှ ပဋိပစ္စည်း ကာကွယ်မှုကို သုံးပုံနှစ်ပုံ လျှော့ချနိုင်ဖွယ်ရှိကြောင်း ဓာတ်ခွဲခန်း သုတေသနရလဒ် တစ်ခုအရ တွေ့ရှိခဲ့သော်လည်း ယင်းကာကွယ်ဆေးသည် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရမှုမှ ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရှိသေးကြောင်း Pfizer/BioNTech ကုမ္ပဏီများက ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကာကွယ်ဆေးသည် ဗိုင်းရပ်စ်အား အာနိသင် လျော့ပါးစေနိုင်သည်ဟု သုတေသပြုလုပ်မှုတွင် တွေ့ရှိခဲ့သော်လည်း လူသားများဖြင့် စမ်းသပ်မှုများ၌ ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ကာကွယ်ဆေး၏ ကာကွယ်နိုင်စွမ်းကို လျှော့ချနိုင်သည့် အချက်ကို သက်သေအထောက်အထား မတွေ့ရှိသေးကြောင်း ကုမ္ပဏီများက ဆိုသည်။

ဆေးကုမ္ပဏီများက ကာကွယ်ဆေးများအတွက် ရင်းနှီးမြှပ်နှံမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက ဗိုင်းရပ်စ်မျိုးကွဲသစ်အတွက် လက်ရှိထုတ်လုပ်ထားသည့် mRNA ကာကွယ်ဆေး ပထမတစ်လုံးနှင့် ဒုတိယတစ်လုံးတို့အား အဆင့်မြှင့်ရေးနှင့် ပတ်သက်၍ အာဏာပိုင်များနှင့် ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။ သုတေသနအတွက် ယင်းကုမ္ပဏီများနှင့် တက္ကဆက် ဆေးဘက်ဆိုင်ရာဌာနခွဲ တက္ကသိုလ် (UTMB) မှ သိပ္ပံပညာရှင်များသည် B.1.351 ဟုလူသိများသည့် တောင်အာဖရိကတွင် တွေ့ရှိသည့် ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ်၏ အက်စ်ပရိုတင်း (spike protein) ၏အလားတူ မျိုးဗီဇပါဝင်သည့် ဗိုင်းရပ်စ် တစ်မျိုးကို တီထွင်ခဲ့သည်။  အက်စ်ပရိုတင်းသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အများစု၏ အဓိက ပစ်မှတ်ဖြစ်သည်။

သုတေသီများသည် ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်သည့် လူတစ်ဦးဆီမှ သွေးနမူနာကိုယူ၍ ၎င်းတို့ တီထွင်ထားသည့် ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ခဲ့ရာ၌ ယခင်ဗိုင်းရပ်စ် မျိုးဗီဇအပေါ် ကာကွယ်ဆေး၏ ထိရောက်မှုနှင့် နှိုင်းယှဉ်လျှင် ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ပဋိပစ္စည်းများအား အာနိသင် လျော့ပါးစေသည့် အဆင့်မှာ သုံးပုံနှစ်ပုံခန့် ရှိသည်ကို တွေ့ရှိခဲ့သည်။ ယင်းတွေ့ရှိချက်ကို New England ဆေးဘက်ဆိုင်ရာဂျာနယ် (NEJM) တွင် ဖော်ပြခဲ့သည်။ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ရန် ပဋိပစ္စည်း မည်သည့်အဆင့်ကို လိုအပ်ကြောင်း မသိရှိသေးဘဲ သုံးပုံနှစ်ပုံ လျှော့ချမှုသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေသော ဗိုင်းရပ်စ်မျိုးကွဲသစ်အပေါ် ကာကွယ်ဆေး၏ ထိရောက်မှု ရှိ၊ မရှိကို ရှင်းလင်းစွာ မသိရသေးပေ။

Pfizer ၏ ကာကွယ်ဆေးသည် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရမှုမှ ကာကွယ်နိုင်ဖွယ် ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း UTMB ပါမောက္ခနှင့် သုတေသနတွင် ပါဝင်သည့် ပိုင်ယွန်ရှီက ပြောကြားခဲ့သည်။ စိုးရိမ်ဖွယ် ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ကာကွယ်ဆေး၏ ထိရောက်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေသည့်တိုင် ဗိုင်းရပ်စ် ကာကွယ်ဆေးသည် ရောဂါအခြေအနေ ပြင်းထန်မှုနှင့် သေဆုံးမှုမှ ကာကွယ်ရာတွင် ဆက်လက် အထောက်အကူ ပြုနေဆဲ ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ၊ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များ ပြန်လည်လုပ်ဆောင်နေချိန်တွင် ကာကွယ်ဆေးများ၏ ထိရောက်မှု အနေအထားကို တစ်ပြိုင်နက်တည်း လေ့လာသုံးသပ်ရန် လိုအပ်သကဲ့သို့ ဗိုင်းရပ်စ်မျိုးကွဲသစ် များကိုလည်း သတိပြုလေ့လာရန် လိုအပ်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖေါ်ဝါရီ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်