ဗဟန်း ၃ လမ်းကားမှတ်တိုင်အနီး မီးပွိုင့်တွင် အိမ်စီးကား လေးစီးအား သံဃာနှင့်လူအချို့က တုတ်ဖြင့် ရိုက်နှက်ဖျက်စီးမှု ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရိုက်နှက် ရန်ပြုမှုကြောင့် ယာဉ်များအပြင် ယာဉ်ပေါ်ပါ လူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခံရသည့် ကားများမှာ လေကာမှန်များ၊ နောက်ကြည့်မှန်များ၊ ကားဘော်ဒီများ ပျက်စီးခဲ့ပြီး အခင်းဖြစ်နေရာသို့ ရဲအရာရှိအချို့မှ လာရောက် စစ်ဆေးနေကြောင်း သိရသည်။

ရိုက်နှက်ဖျက်ဆီးခဲ့သည့် သံဃာအချို့နှင့် လူအချို့သည် ထွက်ပြေးသွားကြောင်း သိရသည်။

လတ်တလောတွင် ရွှေတိဂုံဘုရားအနီးရှိ သံဃာများကလည်း မြို့နယ်သံဃနာယကနှင့် ချိတ်ဆက်ကာ ရိုက်နှက်သည့် သံဃာနှင့်လူအချို့အား အရေးယူပေးရန် တောင်းဆိုနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း၌ ကားပျက်ရပ် လှုပ်ရှားမှုနှင့် ကားအနှေးမောင်း လှုပ်ရှားမှုအချို့ ပြုလုပ်လျက်ရှိပြီး ယခုရိုက်နှက် ခံရသော မော်တော်ယာဉ်များမှာ ပုံမှန်မီးပွိုင့်မိနေချိန်တွင် ရိုက်နှက်ခံရခြင်း ဖြစ်သည်ဟု မော်တော်ယာဉ် ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရသည်။















