ကမ္ဘာကြီးအား ပြန်လည်ဖွဲ့စည်းရန် နည်းလမ်းသစ်တစ်ရပ်

ကမ္ဘာကြီးအား ပြန်လည်ဖွဲ့စည်းရန် နည်းလမ်းသစ်တစ်ရပ်
Published 17 February 2021

ပြင်သစ် တွေးခေါ်ရှင် ဂျက်ဒါရီဒါ (၁၉၃၀-၂၀၀၄) ၏ ရှုပ်ထွေးသော စာပေဆိုင်ရာ ဝေဖန်ရေးနည်းနာကို ဒီကွန်စထရက်ရှင်း (Deconstruction) ဟု ခေါ်သည်။ ဒီကွန်စထရက်ရှင်းသည် စာသားနှင့် အဓိပ္ပာယ်​တို့အကြားမှ ဆက်နွှယ်ချက်ကို နားလည်နိုင်ရေးအတွက် ချဉ်းကပ်ပုံတစ်ရပ် ဖြစ်သည်။ ဒီကွန်စထရက်ရှင်းဟူသည် စာပေဝေဖန်ရေးနယ်မှ စတင်ပေါ်ထွက်လာခဲ့သော်လည်း ဒဿနိကဗေဒ၊ သမိုင်း၊ လူမှုဗေဒတို့အပြင် သိပ္ပံပညာရပ်နယ်ပယ်များအထိပင် စိမ့်ဝင်ပျံ့နှံ့ လာခဲ့ပြီဖြစ်သည်။ ဒီကွန်စထရက်ရှင်း သဘောအရ မည်သည့် “စာသား” (Text) တွင်မဆို ပုံသေကန့်သတ်ကာ သတ်မှတ်ပေးလိုက်သော အဓိပ္ပာယ်များမရှိ။ ထို့ကြောင့် တစ်ခါဖတ်လိုက်တိုင်း ဖတ်လိုက်တိုင်း ပုံသဏ္ဌာန်အသစ်များအဖြစ် (စာဖတ်သူက) ပြန်လည်ဖန်တီးယူရသည်။ ဝေဖန်ရေးဆရာ၏အလုပ်မှာ စာသားတိုင်းကို မရေတွက်နိုင်လောက်အောင် များပြားသော အဓိပ္ပာယ်များအဖြစ် ဖော်ပြနိုင်သမျှ ဖော်ပြရ၏။ သို့သော် မည်သည့်ဖော်ပြချက်ကိုမှ အတိအကျအမှန်ဟု မဆိုသာ။

ဒီကွန်စထရက်ရှင်းသည် အခြေခံသဘောအရ ဘာသာစကား၌ ဘက်လိုက်မှုများ လွှမ်းမိုးနေမှုကို ဖယ်ထုတ်ခြင်းနှင့် သက်ဆိုင်သည်။ ဂျာမန်တွေးခေါ်ရှင် ကားမာ့က်စ် (၁၈၁၈-၁၈၈၃) နှင့် ဆွစ်ဇာလန် ဘာသာဗေဒပညာရှင် ဖာဒီနန်ဒီဆောဆား (၁၈၅၇-၁၉၁၃) တို့၏ အဓိက သြဇာလွှမ်းမိုးမှုကြောင့် ဒါရီဒါသည် မညီမျှမှုများအတွက် တိုက်ပွဲဝင်ရန် ဒီကွန်စထရက်ရှင်းနည်းနာကို အသုံးပြုခဲ့သည်။ ဒါရီဒါသည် စာပေဝေဖန်ရေးမှတစ်ဆင့် ယင်းတိုက်ပွဲကို နွှဲခဲ့သည်။

ဒီကွန်စထရက်ရှင်း လိုအပ်မှုကို ဆင်ခြင်ခြင်းနှင့် ပတ်သက်သော သူ၏ ပထမဆုံးလမ်းကြောင်းမှာ “သဘောတရား မှန်သမျှသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသော ဒွိစုံများအ ဖြစ်လာသည်” ဟူသော ယူဆချက်မှနေ၍ ပေါ်ထွက်လာသည်။ ယင်းယူဆချက်မှာ “အထီး”နှင့် “အမ”သို့မဟုတ် “ကုသိုလ်” နှင့် “အကုသိုလ်” ကဲ့သို့သော စကားလုံးများသည် ဆန့်ကျင်ဘက် ဒွိစုံများအဖြစ်လာပြီး ပထမဆုံးဖြစ်လာသည့် စကားလုံးက ဒုတိယစကားလုံးကို လွှမ်းမိုးသွားသည်ဟူ၍ဖြစ်သည်။ ယင်းသည် အနောက်တိုင်း။ မော်ဒန်နစ်တွေးခေါ်မှုတွင် ကြီးမားသော မညီမျှမှုကို ဖော်ပြနေသည်ဟု ဒါရီဒါက ယူဆသည်။

ဒါရီဒါ၏ ဒုတိယမြောက် ဆင်ခြင်မှုလမ်းကြောင်းမှာ စကားလုံးများ၏ ကိုယ်ပိုင်လက္ခဏာရပ် သို့မဟုတ် အဓိပ္ပာယ်ကို ၎င်းတို့မဟုတ်သော စကားလုံးများနှင့် ဆက်စပ်ယူမှုမရှိဘဲ နားလည်နိုင်လိမ့်မည် မဟုတ်ဟူသော ယူဆချက်မှ လာသည်။ ဥပမာအားဖြင့် “ခွေး” ဟူသော စကားလုံးကို “ခွေး” မဟုတ်သော အရာများ အားလုံးနှင့် ဆက်စပ်စဉ်းစားယူခြင်း မပြုဘဲ နားလည်နိုင်မည် မဟုတ်ပေ။ “ခွေး” သည် “မြင်း” မဟုတ်၊ “သွေး” မဟုတ်၊ “ရွေး” မဟုတ်၊ “လူ” မဟုတ် စသည်ဖြင့် ဆက်စပ်စဉ်းစားကြည့်မှ “ခွေး” အဓိပ္ပာယ် ပေါ်လာသည်။ “ခွေး” ၏ ကိုယ်ပိုင်လက္ခဏာရပ်နှင့် ကွဲပြားခြားနားသော စကားလုံးများ အားလုံးကို ရှာဖွေနိုင်မည်မဟုတ်သောကြောင့် “ခွေး” ဟူသော စကားလုံးနှင့်ပတ်သက်သော အဓိပ္ပာယ် သို့မဟုတ် ကိုယ်ပိုင်လက္ခဏာရပ်ကို ညွှန်းဆိုလိုသည့်အခါ “အကြမ်းဖက်တတ်သည်” ဟူသော စကားလုံးမျိုးကို ဆက်လက်အသုံးပြုရမည် ဖြစ်သည်။

ယင်းကဲ့သို့သော မညီမျှမှုများကို ကျော်လွှားနိုင်ရန် ဒါရီဒါက စာသားများ သို့မဟုတ် ဘာသာစကားကို တစ်စစီ ဖျင်ကြည့်ရမည်ဟု ဆိုသည်။ ဒီကွန်စထရက်ရှင်းနည်းနာသည် ဆန့်ကျင်ဘက် ဒွိစုံများအတွင်း တွေ့ရှိရသည့် ရှေးက အရိုက်အရာကို ဆက်ခံသော ပါ၀ါဖွဲ့စည်းပုံများကို ဖြိုဖျက်ပစ်ခြင်းဖြင့် စတင်သည်။ ယင်းကို “နိမ့်ကျမှု” နှင့် “မြင့်မြတ်မှု” ဟူသော ဆန့်ကျင်ဘက် စကားလုံးနှစ်ခုကို တန်းညှိပစ်လိုက်ခြင်းဖြင့် လုပ်ဆောင်သည်။ ယင်းနောက် “မြင့်မြတ်မှု” ဟူသည့် စကားလုံးကို “နိမ့်ကျမှု” ဟူသည့်စကားလုံးနှင့်ပတ်သက်၍ ဖော်ပြချက်သက်သက်တစ်ရပ်အဖြစ် နေရာချထားလိုက်သည်။ “အထီး” ဟူသည့် စကားလုံးကို အမှန်တကယ်၌ “အမ” ဟူသည့် စကားလုံးနှင့် ပတ်သက်၍ ဖော်ပြချက် သက်သက်အဖြစ် လည်းကောင်း၊ “ကုသိုလ်” ဟူသည့် စကားလုံးကို အမှန်တကယ်၌ “အကုသိုလ်” ဟူသည့် စကားလုံးနှင့်ပတ်သက်၍ ဖော်ပြချက် သက်သက်အဖြစ်လည်းကောင်း နေရာချထားလိုက်သည်။ စကားလုံးများကို ယင်းကဲ့သို့ ဖွင့်ဆိုလိုက်သည်နှင့် ဒါရီဒါ၏ ဒုတိယမြောက် စဉ်းစားဆင်ခြင်မှု လမ်းကြောင်းသည် ဝင်ရောက်လာသော ကွဲပြားခြားနားမှုများနှင့်သာ သက်ဆိုင်သွားတော့သည်။ အသစ်တန်း ညှိပစ်လိုက်သောစကားလုံးများကို သူတို့ချည်းသက်သက် အဓိပ္ပာယ်မရှိတော့အောင် ပြုလုပ်ကာ “အကြမ်းဖက်တတ်သည်” ဟူသော ထပ်ဆင့်ညွှန်းဆိုမှု ပြုလုပ်လျက် စကားလုံးများ၏ ကိုယ်ပိုင်လက္ခဏာရပ်ကို ကွဲပြားခြားနားသော စကားလုံးများ ဖယ်ထုတ်ခြင်းဖြင့် ဖြစ်ပေါ်စေသည်။

မည်သို့ပင်ဆိုစေကာမူ ဒီကွန်စထရက်ရှင်းပြုလုပ်ခြင်းသည် ကမ္ဘာကြီးအား ပြန်လည်ဖွဲ့စည်းရန် နည်းလမ်းသစ်တစ်ရပ်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ရပ်ကို စိစစ်ရာ၌လည်း မဖြစ်မနေ အထူးပြုလုပ်ဆောင်သင့်သည့် နည်းနာတစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်​းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်