အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီ သတင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေစဉ် ကာလတွင် ၎င်းတို့အနေဖြင့် ရှေ့ဆက် လုပ်ဆောင်မည့် အချက် (Road Map) ငါးချက်ကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း အဆိုပါအချက် ငါးချက်နှင့် လုပ်ဆောင်နေမှုများကိုလည်း ပြည်သူများကို တင်ပြမည် ဖြစ်ကြောင်း၊ ယင်းအထဲမှ အချက် ငါးချက်အနက် နံပါတ် ငါးအချက်မှာ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ယနေ့တွင် နိုင်ငံတော်အား ဦးဆောင်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဖွဲ့စည်းပုံကိုကြည့်ပါက ၎င်းအပါအဝင် စစ်ဘက်ဆိုင်ရာအရာရှိကြီး ရှစ်ဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ ပါဝင်သည့် အရပ်သား ရှစ်ဦး၊ ပေါင်း ၁၆ ဦးနှင့် ဖွဲ့စည်းထားကြောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီများကိုလည်း ဒေသခံများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး ဝန်ထမ်းများနှင့် ဖွဲ့စည်းထားကြောင်း၊ တပ်မတော်သည် ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် တာဝန်ယူစဉ်ကာလ ဖွဲ့စည်းပုံများနှင့် များစွာကွာခြားကြောင်း၊ မလွှဲမရှောင်သာသော အကြောင်းများကြောင့်သာ အရေးပေါ်ကာလတွင် တာဝန်ယူထားရခြင်း ဖြစ်ကြောင်း၊ အခြေခံဥပဒေ၏ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအရသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို စောင့်ရှောက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်အရ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရမည်ဟု ပြောကြားလိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ကျန်သည့်အချက် လေးချက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရန်၊ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားရန်၊ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားရန်၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်ရန်တို့ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။















