မတော်တဆဖြစ်ရပ်ကို အနီကတ်ပြထုတ်ပယ်ခဲ့သည့် ဒိုင်လူကြီး မိုက်ဒင်း၏လုပ်ရပ်မှာ ရှက်စရာကောင်းသည်ဟု ဒေးဗစ်မွိုက်စ် ဝေဖန်

မတော်တဆဖြစ်ရပ်ကို အနီကတ်ပြထုတ်ပယ်ခဲ့သည့် ဒိုင်လူကြီး မိုက်ဒင်း၏လုပ်ရပ်မှာ ရှက်စရာကောင်းသည်ဟု ဒေးဗစ်မွိုက်စ် ဝေဖန်
Photo: PA
Photo: PA
Published 8 February 2021

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဖူလ်ဟမ် (၀-၀) ဝက်စ်ဟမ်းပွဲတွင် ပွဲချိန် (၉၀) မိနစ်၌ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် ဝက်စ်ဟမ်းကွင်းလယ်လူ ရှူချက်ခ်၏ပြစ်ဒဏ်နှင့်ပတ်သက်၍ ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ယင်းပွဲ၏ဒိုင်လူကြီး မိုက်ဒင်းအား ပြစ်တင်ဝေဖန်လိုက်သည်။

ဝက်စ်ဟမ်းအသင်း၏ ဂိုးဧရိယာရှေ့တွင် ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်နှင့် ရှူချက်ခ်တို့ ဘောလုံးမလာမီ တစ်ဦးကိုတစ်ဦးတွန်းထိုးကာ နေရာယူနေရာမှ ရှူချက်ခ်၏တံတောင်မှာ မီထရိုဗစ်၏ နဖူးကိုရိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်အတွက် ဒိုင်လူကြီး မိုက်ဒင်းအား ပြန်လည်စစ်ဆေးကြည့်ရှုရန် VAR ဒိုင် လီမာဆင်က အကြံပြုခဲ့ခြင်းကြောင့် မိုက်ဒင်းသည် ကွင်းဘေးစည်းရှိ မော်နီတာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

မူလက ပွဲကိုဆက်ကစားစေရန် အချက်ပြခဲ့သော ဒိုင်လူကြီး မိုက်ဒင်းသည် ကွင်းဘေးမော်နီတာကိုကြည့်ရှုပြီးနောက် ရှူချက်ခ်အား တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

သို့ဖြစ်ရာ ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်က အလွန်ဒေါသထွက်ခဲ့ပြီး ပွဲအပြီးတွင် ပြစ်တင်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ဒေးဗစ်မွိုက်စ်က ယင်းဖြစ်ရပ်မှာ မတော်တဆထိခိုက်သွားခဲ့ခြင်းသာဖြစ်ကြောင်း၊ ဒိုင်လူကြီး မိုက်ဒင်းကို ၎င်း၏ဆုံးဖြတ်ချက်အတွက် ပြန်လည်ဖြေရှင်းရန် မိမိမတောင်းဆိုခဲ့သော်လည်း မိုက်ဒင်းအတွက် မိမိရှက်မိကြောင်း ပွဲအပြီးတွင် ဝေဖန်ပြောကြားခဲ့သည်။