အာဏာသိမ်းမှုကို ဆန္ဒပြသည့်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ လက်ရွေးစင်အဖြစ်မှ နုတ်ထွက်

အာဏာသိမ်းမှုကို ဆန္ဒပြသည့်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ လက်ရွေးစင်အဖြစ်မှ နုတ်ထွက်
Photo: Ti Ar Ko Facebook
Photo: Ti Ar Ko Facebook
Published 5 February 2021

မြန်မာလက်ရွေးစင် Pool အားကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် လက်ရှိ အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန္ဒပြသည့်အနေဖြင့် မြန်မာ့လက်ရွေးစင်အဖြစ်မှ နုတ်ထွက်ကြောင်း သူ၏ Facebook တွင် ရေးသားခဲ့သည်။

ဘုန်းမြင့်ကျော်သည် ၂၀၁၅ စင်္ကာပူ Sea Game တွင် တစ်ဦးချင်းငွေတံဆိပ်၊ နှစ်ယောက်တွဲကြေးတံဆိပ်၊ ၂၀၁၇ မလေးရှား Sea Game တွင် နှစ်ယောက်တွဲငွေတံဆိပ်၊ ၂၀၁၉ ဖိလစ်ပိုင် Sea Game တွင် နှစ်ယောက်တွဲနှင့် တစ်ဦးချင်း ရွှေနှစ်ခု ဆွတ်ခူးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ပေးခဲ့သူဖြစ်သည်။

သို့သော် ဘုန်းမြင့်ကျော်သည် မြန်မာနိုင်ငံတွင် လက်ရှိ အာဏာသိမ်းမှုဖြစ်စဉ်ကို ပြည်သူတစ်ယောက်၊ နိုင်ငံတာဝန်ထမ်းဆောင်‌သူတစ်ယောက်အနေနှင့် သဘောမတူ၊ အားမပေးသောကြောင့် လာမည့် ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် Sea Game ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အဖြစ်မှ နုတ်ထွက်ကာ ဝင်ရောက်မယှဉ်ပြိုင်ဘဲ ဆန္ဒပြမည်ဖြစ်ကြောင်း သူ၏ Facebook တွင် ရေးသားခဲ့သည်။

ထို့ပြင် ဘုန်းမြင့်ကျော်က မိမိအနေဖြင့် ယင်းကဲ့သို့ ဆန္ဒပြခြင်းမှာ နိုင်ငံရေးကို နားလည်၍ မဟုတ်ဘဲ ပြည်သူတစ်ယောက်အနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် နေထိုင်ရသည့် အခြေအနေနှင့် ယခင် ငယ်စဉ်က ဖြတ်သန်းကြီးပြင်းခဲ့ရသော စစ်အုပ်ချုပ်မှု၊ စစ်အစိုးရလက်ထက်တွင် နေထိုင်ရသည်ကို တိုင်းတာကြည့်ပြီး ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အရမ်းမတိုးတက်သေးသော်လည်း အရင်စစ်အစိုးရထက်စာရင် လက်ရှိအစိုးရက ပြည်သူတွေအပေါ် အများကြီးကောင်းကြောင်း၊ ထို့ကြောင့်  စစ်အုပ်ချုပ်မှုလက်အောက်ကို ပြန်မရောက်လိုကြောင်း၊ အမိနိုင်ငံချစ်သော မြန်မာပြည်နှင့် ပြည်သူများကို နတ်ကောင်းနတ်မြတ်များစောင့်ရှောက်တော်မူပါဟု ဆုတောင်းကြောင်းလည်း ရေးသားခဲ့သည်။