ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းက အသင်းခေါင်းဆောင် မက်ဆီအား အသင်းတွင် ဆက်ရှိနေရန် မျှော်လင့်သော်လည်း ယုံကြည်မှုမရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။
လက်ရှိတွင် ဘာစီလိုနာအသင်း၏ ကြွေးမြီပြဿနာနှင့် ၂၀၁၇ ခုနှစ်က မက်ဆီနှင့်ချုပ်ဆိုခဲ့သည့် စာချုပ်ပါအချက်အလက်များ ပေါ်ပေါက်ခဲ့ခြင်းက မက်ဆီကို အသင်းမှထွက်ခွာရန် တွန်းပို့သလိုဖြစ်နေသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။
ထို့ပြင် ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် မက်ဆီ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် PSG နှင့် မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြာင်းအရွှေ့ကာလတွင် အသင်းမှပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်တောင်းခဲ့သည့် မက်ဆီအား လျော်ကြေးကို အကြောင်းပြကာ အသင်းတွင် ဆက်ထိန်းနိုင်ခဲ့သည်။
သို့သော် လက်ရှိအခြေအနေမျိုးတွင် ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီကို ဆက်ထိန်းနိုင်ရန် မဖြစ်နိုင်တော့ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းကလည်း မက်ဆီကို ဆက်ထိန်းရန်ခက်ခဲနိုင်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
''ဘာစီလိုနာအသင်းမှာ မက်ဆီ ဆက်ရှိနေမယ်လို့ ကျွန်တော်ယုံကြည်မှု မရှိပါဘူး။ သူ့ကို အသင်းမှာဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ထိပ်တန်းကစားသမားဖြစ်နေဆဲဖြစ်ပြီး အသင်းအတွက် နိုင်ပွဲတွေ ရယူပေးနိုင်ဆဲဖြစ်လို့ပါပဲ။ မက်ဆီကို နည်းပြခွင့်ရတဲ့အတွက်လည်း ကျွန်တော် သဘောကျပါတယ်။ သူဟာ ကလေးဘဝကတည်းက ဘာစီလိုနာကို ရောက်လာသူဖြစ်ပြီး သူ့ကို တခြားဂျာစီနဲ့ မမြင်ချင်ပါဘူး''ဟု ၎င်းက ပြောကြားခဲ့သည်။