ဒေးဗစ်လူးဝစ်ဇ်အားထုတ်ပယ်ခဲ့သည့် ဒိုင်လူကြီးပေါလ်ဆန်၏ဆုံးဖြတ်ချက်ကို အာတီတာ ပြစ်တင်ခဲ့ပြီး VAR ၏ရုပ်သံပြကွက်များကို ကြည့်လိုသည်ဟုဆို

ဒေးဗစ်လူးဝစ်ဇ်အားထုတ်ပယ်ခဲ့သည့် ဒိုင်လူကြီးပေါလ်ဆန်၏ဆုံးဖြတ်ချက်ကို အာတီတာ ပြစ်တင်ခဲ့ပြီး VAR ၏ရုပ်သံပြကွက်များကို ကြည့်လိုသည်ဟုဆို
Photo: Getty Images
Photo: Getty Images
Published 4 February 2021

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဝုလ်ဗ်(၂-၁)အာဆင်နယ်ပွဲတွင် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့် အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်၏ အနီကတ်ပြစ်ဒဏ်အတွက် အာဆင်နယ်အသင်းနည်းပြ အာတီတာမှာ စိတ်ဆိုးဒေါသထွက်နေပြီး ၎င်းင်းကိုအနီကတ်ပြခဲ့သည့် ဒိုင်လူကြီး ခရိတ်ပေါလ်ဆန်အား ဝေဖန်ပြစ်တင်ခဲ့သည်။

ထို့အတူ ဒေးဗစ်လူးဝစ်ဇ် အနီကတ်ပြခံရစေရန် ပါဝင်ဆုံးဖြတ်ခဲ့သော VAR ဒိုင်လူကြီးများထံမှ ရုပ်သံပြကွက်များကိုလည်း ကြည့်လိုကြောင်း အာတီတာက ပြောကြားခဲ့သည်။

ယင်းပွဲတွင် ပွဲချိန်(၄၅)မိနစ်၌ ဝုလ်ဗ်တိုက်စစ်မှူးဝီလီယံဂျိုဆေး၏ ထိုးဖောက်မှုအား ဒေးဗစ်လူးဝစ်ဇ်က တားဆီးရန် ကြိုးစားရာမှ (၂)ဦးစလုံး အာဆင်နယ်ပယ်နယ်တီစည်းအတွင်း လဲကျခဲ့ပြီး ဒိုင်လူကြီးက လူးဝစ်ဇ်အား တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဝုလ်ဗ်အသင်းဘက်သို့လည်း ပယ်နယ်တီပြစ်ဒဏ်ဘောပေးခဲ့ရာ ဝုလ်ဗ်ကွင်းလယ်လူ နေးဗက်စ်ကသွင်းယူခဲ့ပြီး အသင်းအတွက် ချေပဂိုးကို ရယူပေးခဲ့သည်။

ထို့နောက် (၁၀)ယောက်၊ (၁၁)ယောက်ကစားရသော အာဆင်နယ်အသင်းကို ပွဲချိန် (၄၉)မိနစ်တွင် ဝုလ်ဗ်ကွင်းလယ်လူ မော်တင်ဟိုက အဝေးကန်ချက်ဖြင့် အနိုင်ဂိုးသွင်းယူခဲ့ပြီး ပွဲအပြီးတွင် ဝုလ်ဗ်အသင်းက (၂-၁)ဂိုးဖြင့်အနိုင်ရရှိ ခဲ့သည်။

ဒေးဗစ်လူးဝစ်ဇ်နှင့် ဝီလီယံဂျိုဆေးတို့ ဖြစ်ပွားခဲ့သော ဖြစ်ရပ်တွင် ဝီလီယံဂျိုဆေးမှာ ကွင်းအတွင်းလဲကျခဲ့သော်လည်း ဒေးဗစ်လူးဝစ်ဇ်အနေဖြင့် ၎င်းကို လုံးဝထိမိခဲ့ခြင်းမရှိဟု အာဆင်နယ်နည်းပြအာတီတာက ပြောကြားခဲ့သည်။

''ကျွန်တော် ဒီဖြစ်ရပ်ကို ရုပ်သံမှာ(၁၀)ကြိမ်လောက် ပြန်ကြည့်ခဲ့ပြီးပါပြီ။ မတူညီတဲ့ ရှုထောင့်(၅)ခုက ရိုက်ကူးထားတဲ့ကင်မရာတွေ ဆီကပါ။ အဲဒီမှာ (ဝီလီယံဂျိုဆေးကို ဒေးဗစ်လူးဝစ်ဇ်)ထိသွားခဲ့တာ လုံးဝမတွေ့ရပါဘူး။ တကယ်လို့သာ VAR ထံမှာ အခြားမတူညီတဲ့ ရုပ်သံပြကွက်တွေရှိသေးတယ်ဆိုရင် ကျွန်တော်ကြည့်ချင်ပါတယ်။ သူတို့လည်း သူတို့ မြင်တွေ့တာကို အခြေခံပြီးဆုံးဖြတ်ခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ကျွန်တော် ဘာမှမတွေ့ခဲ့လို့ တစ်စုံတစ်ခုကို တွေ့ မြင်ရမလားဆိုတာ ဒီမှာထိုင်ပြီးစောင့်နေပါတယ်''ဟု အာတီတာက ပွဲအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်တွင် ဝီလီယံဂျိုဆေး၏ နောက်မှပြေးလိုက်လာသော ဒေးဗစ်လူးဝစ်ဇ်၏ ဒူးနှင့် ဂျိုဆေး၏ ဘယ်ဘက်ဖနောင့်တို့ ထိသွားခဲ့ဖွယ်ရှိသည့်အနေအထားကို ရုပ်သံပြကွက်များတွင် တွေ့မြင်ခဲ့ရသည်။

ဒိုင်လူကြီးဟောင်း မတ်ကလက်တန်ဘတ်ကလည်း ယင်းဖြစ်ရပ်တွင် ဒေးဗစ်လူးဝစ်ဇ်အနေဖြင့်ဂျိုဆေးကို မတော်တဆထိသွားခဲ့ခြင်းသာဖြစ်၍ ဒိုင်လူကြီးအနေဖြင့် အနီကတ်ပြရန် မသင့်ကြောင်း၊ အဝါကတ်သာပြခဲ့သင့်ကြောင်း Daily Mail သတင်းစာတွင် သုံးသပ်ရေးသားခဲ့သည်။

ယင်းပွဲတွင် အာဆင်နယ်အသင်း၏ ဂျာမန်ဂိုးသမား လေနိုမှာလည်း ပွဲချိန် (၇၂)မိနစ်တွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

လေနိုမှာ ဝုလ်ဗ်အသင်းဘက်မှ ထိုးဖောက်လာသော ဘောလုံးကို ဂိုးစည်းပြင်ပသို့ထွက်ကာ လက်ဖြင့်ပုတ်ထုတ်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။