၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာ၍ တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ဟန့်တားပိတ်ဆို့မှုများအပေါ် ရပ်ဆိုင်းပေးရန် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ သဘောထားထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာ၍ တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ဟန့်တားပိတ်ဆို့မှုများအပေါ် ရပ်ဆိုင်းပေးရန် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ သဘောထားထုတ်ပြန်
Published 3 February 2021

၂၀၂၀ ရွေးကောက်ပွဲ အတည်ပြုပြီးဖြစ်သည့်ရလဒ်ကို လေးစားလိုက်နာ၍ တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ဆက်လက်ခေါ်ရေးလုပ်ငန်းစဉ်ကို ဟန့်တားပိတ်ဆို့မှုများအား ရပ်ဆိုင်းပေးရန် NLD ပါတီ၏ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဖေဖော်ဝါရီ ၃ ရက်၌ သဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် လွတ်လပ်၍ တရားမျှတသော ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူများက ပေးအပ်လိုက်ကြသည့် အခွင့်အာဏာကို ကိုင်စွဲပြီး စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ရှေးရှုလျက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားအားလုံးကို အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ၂၀၂၀ ခုနှစ် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အတည်ပြုပြီးဖြစ်သည့် ရလဒ်ကို လေးစားလိုက်နာ၍ လွှတ်တော်ဥက္ကဋ္ဌများက စနစ်တကျ စီမံဆောင်ရွက်ထားသည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ဆက်လက်ခေါ်ယူရေးလုပ်ငန်းစဉ်ကို ဟန့်တားပိတ်ဆို့မှုများအား ရပ်ဆိုင်းရေးတို့ကို တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်က ပေးအပ်ထားသည့် အပြီးအပြတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာကို ရရှိထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လွှတ်တော်ကိုယ်စားလှယ်အသိအမှတ်ပြုလွှာကို ရရှိထားပြီးသူများလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်ခြင်းခံထားရသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ တပ်မတော်က အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေး၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် အကျိုးစီးပွားတို့အပေါ်တွင် သစ္စာစောင့်သိ၍ ပြည်သူနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

Most Read

Most Recent