ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းဥပဒေနှင့် ဦးဝင်းမြင့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အမှုဖွင့် ရီမန်ယူထားကြောင်း သတင်းထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းဥပဒေနှင့် ဦးဝင်းမြင့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အမှုဖွင့် ရီမန်ယူထားကြောင်း သတင်းထွက်ပေါ်
Published 3 February 2021

နိုင်ငံတော်၏ အတိုင်ပခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းဥပဒေပုဒ်မ (၈)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) တို့ဖြင့်  အမှုဖွင့် ရီမန်ယူထားကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။အဆိုပါ တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရဲတပ်ဖွဲ့က ချုပ်မိန့် ရီမန်တောင်းခံသည့်စာမှာ လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့လျက်ရှိသည်။

ထို့ပြင် NLD ပါတီဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးကြည်တိုးက ၎င်း၏ Facebook အကောင့်တွင် ဖေဖော်ဝါရီ ၃ ရက်က ရေးသားထားရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေဖြင့် လည်းကောင်း၊ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့်လည်းကောင်း နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှ ချုပ်ရမန် ၁၄ ရက် (ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ) ပေးလိုက်ကြောင်း ခိုင်လုံသည့် သတင်းအရ သိရသည်ဟု ဖော်ပြထားသည်။

ထိုသို့ အမှုဖွင့်ထားသည် ဆိုသော သတင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ဆက်သွယ် လျက် ရှိသော်လည်း အတည်ပြုချက် မရသေးပေ။

လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့နေသည့် ချုပ်မိန့် ရီမန်စာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးတစ်ဦး ဦးစီးသည့် အဖွဲ့သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း၊ အမှတ် (A) နေ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြောစက် ခြောက်လုံး၊ ဂိတ်ကင်းမှ Icom စကားပြောစက် သုံးလုံး၊ ကိုယ်ရေးအရာရှိ အဆောင်မှ Icom စကားပြောစက် တစ်လုံးနှင့် Jumber တစ်စုံတို့အား တွေ့ရှိခဲ့ရသဖြင့် အဆိုပါ ဆက်သွယ်ရေး ပစ္စည်းများအား သတင်းရဲတပ်ဖွဲ့သို့ ပေးအပ်ခဲ့၍ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက တရားလိုပြုလုပ်ကာ အဆိုပါ ဆက်သွယ်ရေး ပစ္စည်းများအား ခွင့်ပြုချက် မရှိဘဲ တင်သွင်းအသုံးပြုမှုဖြင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အရေးယူပေးပါရန် တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း NLD ခရိုင် ပါတီဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း မော်တော်ယာဉ် ၂၂၀ စီး၊ ဆိုင်ကယ် ၃၂ စီး၊ လူဦးရေ ၇၆၀ ခန့် ပါဝင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်များ အသီးသီးသို့ ဖြတ်သန်း လှည့်လည်ခဲ့ကြရာ ဇမ္ဗူသီရိမြို့နယ် ပြည်ကြီးဇေယျာလမ်းနှင့် အဓိပတိလမ်းဆုံရှိ သမ္မတအိမ်တော် ဝင်ပေါက်ရှေ့သို့ ရောက်ရှိစဉ် သမ္မတဟောင်း ဦးဝင်းမြင့်၊ ၎င်း၏ ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း၊  ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် အချက်များအား ထုတ်ပြန်ခဲ့ရာ အဆိုပါ အချက်များတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း COVID-19 ရောဂါ ဖြစ်ပွားမှုအပေါ် မူတည်၍ ထုတ်ပြန်ထားသော အမိန့်များအား လိုက်နာခဲ့ခြင်း မရှိဘဲ ကြိုဆိုနှုတ်ဆက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သူ ဦးဝင်းမြင့် (သမ္မတဟောင်း) အား ဥပဒေအရ အရေးယူပေးရန် ရဲမှူးတစ်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် ဆောင်ရွက်နိုင်သော အမှုဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ချုပ်ရီမန် တောင်းခံစာအရ သိရသည်။

အထက်ပါ အမှုများနှင့် ပတ်သက်၍ သက်သေများ စစ်ဆေးရန်၊ သက်သေခံ အထောက်အထားများ တောင်းခံနိုင်ရန်နှင့် အသေးစိတ် စစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ချုပ်နှောင်ခွင့် ပြုနိုင်ပါရန် ချုပ်မိန့်ရီမန် တောင်းခံကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ချုပ်ရီမန်တောင်းခံစာတွင် ပါရှိသည်။

 

Most Read

Most Recent