နိုင်ငံရေးပြဿနာများကို အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် PPST တိုက်တွန်း

နိုင်ငံရေးပြဿနာများကို အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် PPST တိုက်တွန်း
Published 2 February 2021
မင်းနိုင်စိုး

နိုင်ငံရေးပြဿနာများကို အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA-S EAO) များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အထူးအစည်းအဝေးက တိုက်တွန်းသည်။

NCA-S EAO ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST အထူးအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်တွင် Online Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ အထူးအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်တွင် ထိုသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းနှင့်စပ်လျဉ်း၍ PPST အထူးအစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ခေါ်ယူခဲ့ပြီး အဆိုပါအစည်းအဝေးမှ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကို အကြေအလည်ဆွေးနွေးညှိနှိုင်းပြီးနောက် ဘုံသဘောထားစုစည်းချက်များကို ရရှိခဲ့ကြောင်း၊ ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ရည်ရွယ်၍ ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း PPST အထူးအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းအပေါ် တပ်မတော်မှ အာဏာသိမ်းယူသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ကန့်ကွက်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသော ခေါင်းဆောင်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန် တောင်းဆိုကြောင်း PPST အထူးအစည်းအဝေးက ထုတ်ပြန်ကြေညာသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း ရပ်တည်ပြီး NCA-S EAO မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPST အထူးအစည်းအဝေးက ထုတ်ပြန်ကြေညာသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ခြွင်းချက်မရှိ ကြေညာပေးရန်လည်း NCA-S EAO ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST အထူးအစည်းအဝေးက တိုက်တွန်းထားသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့်လည်းကောင်း၊ လက်ရှိနိုင်ငံရေးပြဿနာအပေါ် အင်အားသုံး ဖြေရှင်းခြင်းကြောင့် လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံရသော အခက်အခဲများကို သဘောပေါက်နားလည်ပြီး ပြည်သူလူထုနှင့်အတူ ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း PPST အထူးအစည်းအဝေးက ထုတ်ပြန်ကြေညာသည်။

လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများ ဖြေရှင်းရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်ဖြေရှင်းပေးရန် PPST အထူးအစည်းအဝေးက တိုက်တွန်းသည်။

ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သော PPST အထူးအစည်းအဝေးသို့ PPST ယာယီအဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး တို့နှင့်အတူ NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent