မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က လူမှုကွန်ရက်စာမျက်နှာများတွင် သူ့ကိုလူမျိုးရေးခွဲခြားလှောင်ပြောင်နေကြသူများအား သူ၏ Twitter စာမျက်နှာမှတစ်ဆင့်ပြန်လည်တုံ့ပြန်ခဲ့ပြီး မိမိအနေဖြင့် လူမည်းတစ်ဦး ဖြစ်ရသည်ကို ဂုဏ်ယူလျက်ရှိနေကြောင်း ထည့်သွင်းရေးသားခဲ့သည်။
ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ်(၀-၀) မန်ယူပွဲတွင် ရပ်ရှ်ဖို့ဒ်သည် အသင်းအတွက် ဂိုးရရှိနိုင်သည့် အခွင့်အရေးအချို့ကို ဖြုန်းတီးပစ်ခဲ့ရာ ယင်းပွဲအပြီး လူမှုကွန်ရက်စာမျက်နှာများ၌ သူ့အား လှောင်ပြောင်မှုများထွက်ပေါ်လာခဲ့သည်။
အချို့သော လှောင်ပြောင်မှုများတွင် မျောက်ပုံစံ Emoji များဖြင့် လူမျိုးရေးခွဲခြားသည့် ပုံစံ/အသုံးအနှုန်းများ ပါဝင်ခဲ့သလို ''တိရိ စ္ဆာန်ရုံပြန်သွားတော့''ဟူသည့် ရိုင်းစိုင်းသော ရေးသားမှုများလည်း ပါဝင်ခဲ့သည်။
ရပ်ရှ်ဖို့ဒ်က သူ၏ Twitter စာမျက်နှာ၌ ''လူ့အဖွဲ့အစည်းနဲ့ လူမှုကွန်ရက်မီဒီယာတွေကတော့ အတော့်ကို ဆိုးရွားနေပါပြီ။ ဟုတ်ပါတယ်။ ကျွန်တော်က လူမည်းတစ်ဦးပါ။ ကျွန်တော်က နေ့စဉ်နေ့တိုင်း ဒါကိုဂုဏ်ယူပြီး ရှင်သန်နေထိုင်နေတဲ့သူတစ်ဦးပါ။ ဘယ်သူတစ်ဦးတစ်ယောက်မှ (သို့မဟုတ်) ဘယ်လို Comment မျိုးကမှ ကျွန်တော့်ရဲ့စိတ်ကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော့်ဆီက ပြင်းထန်တဲ့တုံ့ပြန်မှုတွေကို လိုချင်နေကြတယ်ဆိုရင်တော့ ဝမ်းနည်းပါတယ်။ ခင်ဗျားတို့အနေနဲ့ ဒီနေရာ(လူမှုကွန်ရက်စာမျက်နှာ)ကနေ ဒါမျိုး ပြန်ရနိုင်မှာမဟုတ်ပါဘူး''ဟု ရေး သားခဲ့သည်။
မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာများတွင် မန်ယူနောက်ခံလူ တွမ်ဇီဘီနှင့် တိုက်စစ်မှူး မာစီယဲလ်၊ ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်၊ ဝက်စ်ဘရွန်းကွင်းလယ်လူ ဆော်ယာအစရှိသည့် လူမည်းကစားသမားများ လူမျိုးရေးခွဲခြားလှောင်ပြောင်ခံရအပြီးတွင် ရပ်ရှ်ဖို့ဒ် မှာ ယင်းကဲ့သို့ လှောင်ပြောင်ခံခဲ့ရခြင်း ဖြစ်သည်။
ရပ်ရှ်ဖို့ဒ်အား လူမျိုးရေးခွဲခြားလှောင်ပြောင်မှုများထွက်ပေါ်လာအပြီးတွင် မန်ယူအသင်းကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်းလှောင်ပြောင်မှုများကို ရှုတ်ချကြောင်း ကြေညာချက်တွင်ဖော်ပြခဲ့သည်။
''ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သော(အာဆင်နယ် ၀-၀ မန်ယူ) ပွဲအပြီး လူမှုကွန်ရက်စာမျက်နှာများတွင် မိမိတို့၏ ကစားသမားများအား လူမျိုးရေးခွဲခြားလှောင်ပြောင်မှုများ ပြုလုပ်ခဲ့သည်ကို စက်ဆုပ်ဖွယ်ရာတွေ့ရှိခဲ့ရပြီး မိမိတို့အနေဖြင့် ယင်းလုပ်ရပ်များကို အပြင်းထန်ဆုံးရှုတ်ချပါသည်။ အခြားသော ပရိသတ်များကလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ရှုတ်ချမှုများပြုလုပ်ခဲ့သည်ကို ကျေနပ်ဖွယ်ရာတွေ့ရှိခဲ့ရပါသည်။ မန်ယူအသင်းသည် လူမျိုးရေးခွဲခြားမှုနှင့် အခြားခွဲခြားမှုများကို လုံးဝလက်မခံဘဲ 'All Red All Equal' ဆောင်ပုဒ်ဖြင့် မျှတမှုများရှိစေရန် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ ယင်းလုပ်ရပ် ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်ပြီး အရေးယူနိုင်ရန် တာဝန်ရှိသူများကို တိုက်တွန်းသွားပါမည်''ဟု ဖော်ပြခဲ့သည်။