၂၀၁၇ ခုနှစ်တွင် မက်ဆီနှင့် ဘာစီလိုနာအသင်းတို့ နောက်ဆုံးချုပ်ဆိုခဲ့သည့် စာချုပ်မှာ ယူရို ၅၅၅ သန်းကျော် တန်ဖိုးရှိပြီး အားကစားပြိုင်ပွဲသမိုင်းတွင် တန်ဖိုးအမြင့်ဆုံး စာချုပ်ဖြစ်ကြောင်း စပိန်နိုင်ငံထုတ် El Mundo သတင်းစာက ဖော်ပြခဲ့သည်။
မက်ဆီသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ဘာစီလိုနာအသင်းနှင့် လေးနှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်မှာ ယခုနှစ် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ စာမျက်နှာ ၃၀ ပါဝင်သည့် စာချုပ်မိတ္တူကို El Mundo က ရရှိခဲ့ပြီးနောက် တစ်နှစ်လစာ အပါအဝင် အသေးစိတ်အချက်အလက်များကို ကိန်းဂဏန်းအတိအကျဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
El Mundo ၏ ဖော်ပြမှုအရ စာချုပ်တန်ဖိုးမှာ အခြေခံလစာ၊ ပုံရိပ်မူပိုင် ခွင့်၊ အပိုဆုကြေး၊ လက်မှတ်ထိုးကြေး၊ သစ္စာစောင့်သိကြေးစသည့် အမျိုးမျိုးသောအချက်များအပြင် အခွန်ပေးဆောင်ရမည့်ပမာဏ ပါဝင်ပါက စုစုပေါင်း ယူရို ၅၅၅,၂၃၇,၆၁၉ တန်ဖိုးရှိကြောင်း သိရသည်။
ယင်းစာချုပ်အရ မက်ဆီသည် တစ်နှစ်လျှင် အပိုဆုကြေးအပါအဝင် ယူရို ၁၃၈ သန်း အထိရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုရန် သဘောတူခြင်းအတွက် လက်မှတ်ထိုးကြေး ယူရို ၁၁၅ ဒသမ ၂ သန်းနှင့် သစ္စာစောင့်သိကြေး ယူရို ၇၇ ဒသမ ၉ သန်းလည်း ပါဝင်ကြောင်း သိရသည်။
စာချုပ်သက်တမ်း ငါးလသာကျန်ရှိ ချိန်တွင် ၎င်းအနေဖြင့် စာချုပ်၏ ၉၂ ရာခိုင်နှုန်း (ယူရို ၅၁၁,၅၄၀,၅၄၅) ရရှိထားပြီးဖြစ် ကြောင်း El Mundo သတင်းစာက ဖော်ပြခဲ့သည်။ ဘာစီလိုနာအသင်း၏ ကြွေးမြီပမာဏမှာ ယူရိုတစ်ဘီလျံကျော်ရှိနေပြီး ကစားသမား လစာပေးချေမှုမှာ အသုံးစရိတ်စုစုပေါင်း၏ လေးပုံသုံးပုံနီးပါးအထိရှိနေသဖြင့် မက်ဆီနှင့် စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ရန် မလွယ်ကူကြောင်း သုံးသပ်မှုများရှိနေသည်။