မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရန် မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရန် မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ပြောကြား
Published 31 January 2021
ပြည့်ဖြိုးအောင်

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရန် မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး H.E.Dr. Nikolay Listopadov ကပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအခြေအနေများနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် သံအမတ်ကြီးက သတင်းစကားပြောကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ ပြည်သူလူထုနဲ့ ခေါင်းဆောင်းချင်းအရပဲဖြစ်ဖြစ်၊စစ်ဘက်ပဲဖြစ်ဖြစ် ငြိမ်းချမ်းခြင်းများ လိုပါတယ်။ငါးပါးသီလကို လိုက်နာပါတယ်။ ဗြမ္မာစိုရ်တရားလေးပါးကိုလည်း လိုက်နာပါတယ်။မဇ္စျိမပဋိပဒါ ကိုလည်း ဦးစားပေးပါတယ်။ အစွန်းမရောက်ဖို့ ကြိုးစားာပါတယ်တယ်။ဒါကြောင့် လက်ရှိအခြေအနေကို ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ပါစေ။မြန်မာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်ပါစေ၊မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီတည်တံ့ခိုင်မြဲပါစေလို့ ဆုမွန်ကောင်း တောင်းပါ တယ်”ဟု ရုရှားသံအမတ်ကြီးက ပြောကြားသည်။

ထို့ပြင် ၎င်းအနေဖြင့် မဆလခေတ်မှစတင်၍ လက်ရှိ ဒီမိုကရေစီခေတ်အထိ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အတွေ့အကြုံများစွာရှိကြောင်း ပြောကြားသည်။

“ကျွန်တော်က ပထမတစ်ခေါက် မြန်မာနိုင်ငံကို ၁၉၈၀ ခုနှစ်က ရောက်ခဲ့တယ်။မဆလခေတ်က စပြီး လက်ရှိဒီမိုကရေစီစနစ်ခေတ်အထိ မြန်မာနိုင်ငံမှာ အတွေ့အကြုံလည်း တော်တော်များရပါတယ်။မြန်မာနိုင်ငံကို ငြိမ်းချမ်းရင် ကျွန်တော်က အင်မတန် ဝမ်းသာနေပါတယ်။မြန်မာနိုင်ငံကို ဒုက္ခရောက်လို့ရှိရင် ပြဿနာကြီးဖြစ်လို့ရှိရင် ကျွန်တော်က ဝမ်းနည်းပါတယ်။စိတ်ထိခိုက်ပါတယ်။စိတ်ပျက်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး သောကမကင်းဖြစ်ပါတယ်”ဟု ရုရှားသံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး အကောင်းမြင်ဝါဒရှိသူ တစ်ဦးဖြစ်ပြီး ယဉ်ကျေးမှု၊ထုံးတမ်းဓလေ့ နှင့် ဗုဒ္ဓဘာသာကို လည်း လေးစားလိုက်နာကြောင်း ရုရှားသံအမတ်ကြီးက ပြောကြားသည်။

“ကျွန််တော်က မြန်နိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး အကောင်းမြင်ဝါဒီဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာ တော်တော်ကြာကြာနေထိုင်လို့ မြန်မာနိုင်ငံ ယဉ်ကျေးမှု၊ထုံးတမ်းဓလေ့နဲ့ ဗုဒ္ဓဘာသာကို လေ့လာပါတယ်။လေးစားပါတယ်။အထူးသဖြင့် မြန်မာဆိုရိုးစကားပုံကို ကြိုက်တယ်။ဥပမာအားဖြင့် ချစ်စကို ရှည်စေ၊မုန်းစကို တိုစေ၊ချစ်စကို ရှည်စေ၊ရန်စကို တိုစေ အဲဒါ အင်မတန်ကောင်းတဲ့ စကားပုံ ဆိုရိုးစကားဖြစ်ပါတယ်”ဟု ရုရှားသံအမတ်ကြီးက ပြောကြားသည်။

ရုရှားသံအမတ်ကြီး H.E.Dr. Nikolay Listopadov သည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည်မှာ စုစုပေါင်း ၁၁ နှစ်ရှိဖြစ်ပြီး မြန်မာဆိုင်ရာသံအမတ်ဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ လေးနှစ်ခွဲ ရှိပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent