လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ထွန်းလာစေရန် အစုအဖွဲ့များအားလုံးပါဝင်မည့် မျက်နှာစုံညီညှိနှိုင်းနိုင်သည့် အရေးပေါ်အစည်းအဝေးအမြန်ဆုံးခေါ်ယူရန် တောင်းဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြမည့် ပြည်ထောင်စုပေါ်ထွန်းရန်၊ လွတ်လပ်ပြီး အေးချမ်းသာယာဝပြောသော နိုင်ငံတော်တည်ဆောက်ရန် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဉ်ဖြင့် ချီတက်နေကြချိန်တွင် အနုတ်လက္ခဏာဆောင်သော ပြဿနာဖြေရှင်းသည့်လုပ်ရပ်အားလုံးကို သက်ဆိုင်သူများမှ အစွမ်းကုန်ရှောင်းရှားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် ပြည်သူလူထုတို့၏ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက် အဖြေရှာသွားခြင်းသည် လက်ရှိ နိုင်ငံရေး အကျပ်အတည်း၏ လိုအပ်မှုဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် ရွေးကောက်ပွဲတိုင်း၏ အရှုံးအနိုင်ရလဒ်နှင့် တရားမျှတမှုကို တောင်းဆိုကျခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ခြင်းကြောင့် လက်ရှိရွေးကောက်ပွဲနှင့် ပတ်သက်သည့် အငြင်းပွားမှုများအား သက်ဆိုင်ရာ အစုအဖွဲ့များမှ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့အပေါ် အခြေခံပြီး ဆင်ခြင်တုံ တရားနှင့်အညီ ညှိနှိုင်းဖြေရှင်းစေလိုကြောင်းနှင့် အဓိကအားဖြင့် ဒီမိုကရေစီ အနှစ်သာရကို မပျက်ပြယ်စေဘဲ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို အခြေခံရန် လိုအပ်ကြောင်း KNU ၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံသည် သာမန်နိုင်ငံရေး ပြသနာများနှင့် နိုင်ငံရေးအကျပ်အတည်းများ၏ သမားရိုးကျ စိန်ခေါ်မှုများကိုသာ ရင်ဆိုင်နေရသည်မဟုတ်ဘဲ ကိုယ်တိုင်ပြဌာန်းခွင့်နှင့် တန်းတူရေး ကွဲပြားစုံလင်သော တိုင်းရင်းသားများ၏ ဖြစ်တည်မှုနှင့် ၀ိသေသ လက္ခဏာများပါဝင်သည့် ကျယ်ပြန့်သော ပြဿနာရပ်များဖြင့် ရင်ဆိုင်နေရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လက်တလော နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားရာတွင် အာဏာလွန်ဆွဲမှုကို ကျော်လွန်ပြီး ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းများကို အလေးထားသည့် သက်ဆိုင်ရာ အစုအဖွဲ့များ အားလုံးပါဝင်မည့် မျက်နှာစုံညီညှိနှိုင်းသည့် အခင်းအကျင်းတစ်ခု အရေးပေါ်လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။