မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းထားသည့်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်၍ လိုရာဆွဲပုံဖော်နေခြင်းသည် ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပုံပျက်စေမည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းထားသည့်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်၍ လိုရာဆွဲပုံဖော်နေခြင်းသည် ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပုံပျက်စေမည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 26 January 2021
အောင်မင်းသိန်း

မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်၍ လိုရာဆွဲပုံဖော်နေခြင်းသည် ဒီမိုကရေစီ စနစ်ကို ယိမ်းယိုင်ပုံ ပျက်စေမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည့် တပ်မတော်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မဲစာရင်းစိစစ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လာတာ ၁၀ စုနှစ်တစ်ခု၊ အစိုးရ နှစ်ဆက်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရနှစ်ဆက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးတည်ငြိမ်မှု တိုးတက်မှုတွေကို နှိုင်းယှဉ်တွေ့မြင်နိုင်ပြီးလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ စနစ်တစ်ခုလို့ယူဆနိုင်သလို ပြည်သူတိုင်း၊ အဖွဲ့အစည်းတိုင်းက လိုက်နာဆောင်ရွက်မှ အောင်မြင်နိုင်မယ့် လုပ်ငန်းတစ်ခု၊ ကျင့်ဝတ်တစ်ခုလည်း ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ အားလုံး ပါဝင်ဖော်ဆောင်မှ အောင်မြင်နိုင်မယ့် နိုင်ငံရေးစနစ်တစ်ခုဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ ပထမဦးဆုံးအခြေခံလိုအပ်ချက်က ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ သွေဖယ်သွားမယ့် လုပ်ဆောင်မှုတွေ မလုပ်ဆောင်ဖို့ လိုပါတယ်။ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ထမ်းဆောင်မှုမျိုးမဆို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လိုရာစွာ ပုံဖော်နေတာဟာ ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပုံပျက်စေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရွေးကောက်ပွဲမတိုင်မီကာလအထိ ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သည့် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြောကြားချက်နှင့် ကြေညာချက်များ ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းများ (၁၂) ကြိမ် ပြုလုပ်ခဲ့ပြီး တပ်မတော်သတင်းစာရှင်းလင်းပွဲများနှင့် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာတွင်လည်း ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုကြောင်း မကြာခဏပြောကြားခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်ဆိုတာ ရွေး ကောက်ပွဲကျင်းပတဲ့ရက် တစ်ရက်တည်း ကြည့်ပြီး ပြောလို့မရတာကို အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲရက်ကာလ၊ ရွေးကောက်ပွဲအပြီးကာလ အနည်းဆုံးသုံးခုမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ၊ သံသယကင်းကင်း သန့်သန့်ရှင်းရှင်း ရှိ၊ မရှိ သုံးသပ်ဖို့၊ ပြန်ကြည့်ဖို့ လိုပါတယ်။ မဲဆွယ်စည်းရုံးမှုကာလ မတိုင်ခင်မှာကို ကြိုတင်ရှိနေတဲ့ အခြေအနေတွေ၊ နိုင်ငံရေးပါတီ အားလုံးအတွက် Fair Play ဖြစ်၊ မဖြစ် သုံးသပ်ဖို့လိုမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

တပ်မတော်အနေနှင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးကို ရှေးရှုပြီး တပ်မဲရုံအားလုံးကို တပ်ပြင်ထုတ်၍ တပ်အပြင်၌သာ တပ်မတော်သားများ၊ မိသားစုဝင်များကို လွတ်လွတ်လပ်လပ် မဲပေးစေခဲ့ကြောင်း၊ မဲဆွယ်စည်းရုံးစဉ်ကာလ၌ နိုင်ငံရေးပါတီများ၏ တစ်နိုင်ငံလုံးသို့ ရုပ်သံနှင့် အသံလွှင့်ပြောကြားချက်များ ဆင်ဆာဖြတ်တောက်ခြင်းများ အပါအဝင် COVID ကို အကြောင်းပြပြီး လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်၊ လှုံ့ဆော်ခွင့် မျှမျှတတ မရခဲ့ခြင်းများကိုလည်း တွေ့နိုင်ကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်ထွန်းက ပြောကြားသည်။

“ အခြေခံဥပဒေ ပုဒ်မ ၃၉၉ အရ ပြဋ္ဌာန်းထားမှု၊ လက်တွေ့မှာ နိုင်ငံရေးပါတီများရဲ့ တရားဝင်ထုတ်ပြန်ချက်တွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ မီဒီယာများသို့ ပြောကြားချက်များနဲ့ မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ကြိုတင်ဆန္ဒမဲကောက်ယူခြင်း လုပ်ငန်းစဉ်မှာပင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ မညီညွတ်မှုများ တွေ့မြင်နေရမှု၊ မဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအကြောင်းပြပြီး  တည်ဆဲဥပဒေများကို ကျော်လွန်သော သဘောရှိသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့မှု၊ ဒါတွေကြောင့် ရွေးကောက်ပွဲပုံရိပ်ကို ထိခိုက်နိုင်မှုနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံတော် သမ္မတတို့ဟာ အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်ပြီး လွတ်လပ်ပြီး သမာသမတ်ကျသော ရွေးကောက်ပွဲဖြစ်လာစေရေးဆောင်ရွက်ဖို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ပြီး နောက်ပိုင်းမှာလည်း ကြိုတင်မဲပေးရာမှာ စည်းကမ်းမဲ့ ဆောင်ရွက်နေမှုတွေ၊ အငြင်းပွားဖွယ် ဆောင်ရွက်နေမှုတွေကို နေ့စဉ်ကြုံတွေ့ခဲ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။            

Most Read

Most Recent