ရွေးကောက်ပွဲသည် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် မသမာမှု ရှိ မရှိ ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုနှင့်အညီ ဥပဒေအရ ထောက်ပြနေခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ မဖြေရှင်းပေးခြင်းသည် နိုင်ငံရေးအကျပ်အတည်းဖြစ်ကြောင်း တပ်မတော် ပြောကြား

ရွေးကောက်ပွဲသည် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် မသမာမှု ရှိ မရှိ ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုနှင့်အညီ ဥပဒေအရ ထောက်ပြနေခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ မဖြေရှင်းပေးခြင်းသည် နိုင်ငံရေးအကျပ်အတည်းဖြစ်ကြောင်း တပ်မတော် ပြောကြား
Published 26 January 2021
မင်းနိုင်စိုး

ရွေးကောက်ပွဲသည်၊ လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှု၊ ပွင့်လင်းမြင်သာမှုနှင့် မသမာမှု ရှိ မရှိကို ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုနှင့်အညီ ဥပဒေအရထောက်ပြနေခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ မဖြေရှင်းပေးခြင်းသည် နိုင်ငံရေးအကျပ်အတည်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက်တွင် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သော တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ပါဝင်သည့် နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

“တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှု၊ ပွင့်လင်း မြင်သာမှု၊ မသမာမှုရှိ၊ မရှိကို ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုနဲ့အညီ၊ ဥပဒေနဲ့ အညီ ထောက်ပြပြောဆိုနေခြင်း ဖြစ်တယ်။ တရားဝင် ပြောဆိုနေခြင်း ဖြစ်တယ်။ ဒါကို ဥပဒေနဲ့အညီ ဖြေရှင်းမပေးခြင်းသည် နိုင်ငံရေး အကျပ်အတည်းဖြစ်တယ်လို့ ကျွန်တော်တို့ ဆိုလိုခြင်းဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တွေ့ရှိချက်များကိုတပ်မတော်က တိတိကျကျ ထုတ်ပြန်ပေးနေကြောင်း၊ ထိုသို့ ဥပဒေနှင့်အညီ ဖြေရှင်းပေးရန် တောင်းဆိုနေခြင်းသည် တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ် နိုင်ငံတော်တာဝန် စတင်ယူကတည်းကပင် ပါတီစုံဒီမိုကရေစီစနစ်ကိုသွားမည်ဟု ဖော်ပြခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မဲစာရင်းနှင့်ပတ်သက်၍ တပ်မတော်က ထုတ်ပြန်နေခြင်းသည် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ပြုလုပ်နေခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် လုပ်ချင်ရာလုပ်နေခြင်း မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ လုပ်ချင်တာကိုလုပ်နေတာ မဟုတ်ဘူး။ Political Culture တစ်ရပ်ကိုလုပ်နေတာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုအရ ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေတာ ဖြစ်တယ်။ ဒါကိုမလိုက်နာ နားမထောင်ရင် ဘာဖြစ်မလဲ။ လျစ်လျူရှုရင် ဘာဖြစ်မလဲ။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အစဉ်တစ်စိုက်ပါပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ တပ်မတော် လိုက်နာရမယ့်တာဝန်တွေ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် အာဏာရပါတီ၏ ပြောရေးဆိုခွင့်ရှိသူများကလည်း ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဖြစ်ကြောင်း ပြောကြားသကဲ့သို့ တပ်မတော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထောက်ပြပြောဆိုနေခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေကို လိုရာဆွဲပြောဆိုနေခြင်းသည် မသင့်လျော်ဟု ပြောလိုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စကားအား ပြန်လည်ကိုးကား ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအားလေ့လာရာတွင် အခန်းလိုက် လေ့လာရမည်ဖြစ်ပြီး ထိုသို့အခန်းလိုက် လေ့လာရာတွင် အခန်း (၁) အခြေခံမူများအခန်းသည် အရေးအကြီးဆုံးအခန်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။