တပ်မတော်အနေဖြင့် အာဏာမသိမ်းဟု မှတ်ယူ၍မရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား

တပ်မတော်အနေဖြင့် အာဏာမသိမ်းဟု မှတ်ယူ၍မရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား
Published 26 January 2021

တပ်မတော်အနေဖြင့် အာဏာမသိမ်းဟု မှတ်ယူ၍မရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အဆာဟိရှင်ဘွန်းသတင်းဌာနမှ မေးမြန်းချက်အား ဖြေကြားရာတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“ ဗိုလ်ချုပ် ခုနက ပြောသွားတာက တပ်မတော်အနေနဲ့ ဒီလိုမျိုးလုပ်ဆောင်နေတာဟာ ဥပဒေနဲ့ မယိမ်းယိုင်အောင် အခြေခံဥပဒေနဲ့အညီ တည့်မတ်ဖို့အတွက် ဒါတွေကို လုပ်တယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဆိုတော့ကား အခြေခံဥပဒေအရဆိုရင်တော့ တပ်မတော်အနေနဲ့ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ်လို့ပြောတဲ့အတွက် အခုကစိုးရိမ်နေကြတာပေါ့လေး စိုးရိမ်နေကြတာက တပ်မတော်အနေနဲ့ အာဏာသိမ်းမှာလားလို့ စိုးရိမ်နေကြတာတွေရှိတော့ ဗိုလ်ချုပ်ပြောပုံအရဆိုရင် ကျွန်တော်တို့က တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလားခင်ဗျ” ဟု အဆာဟိရှင်ဘွန်း သတင်းဌာနမှ သတင်းထောက်က မေးမြန်းသည်။

ထိုသို့ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက “မရပါဘူး။ ကျွန်တော်ပြောတဲ့အထဲမှာ ပါပြီးသားဖြစ်တယ်။ တပ်မတော်အနေနဲ့ ဒါဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်၊ တည်ဆဲဥပဒေများကို ကျွန်တော်တို့က လိုက်နာသွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများမှာ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ ခင်ဗျားကို တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ယူမယ်လို့လဲ မပြောဘူး။ မယူဘူးလို့လဲမပြောဘူး။ ကျွန်တော်တို့ ပြောနိုင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်စေဘဲ ကျွန်တော်တို့ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ချက်တွင် ပါခဲ့သည့်အတိုင်း မဲစာရင်းများ စိစစ်တွေ့ရှိချက် ထုတ်ပြန်ရခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးကို တပ်မတော်က ဒီမိုကရေစီ လိုလားမှုအရ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တာဝန်ယူ၊ တာဝန်ခံရသည့် အဖွဲ့အစည်းများအနေဖြင့် ကျင်းပပြီးခဲ့သည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ တရားမျှတကြောင်း ရှင်းပြရမည်ဖြစ်သည်ကို ထုတ်ပြန်ခဲ့ခြင်းကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေတာတွေက ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မြဲဖို့ ဆောင်ရွက်နေတာဖြစ်တယ်။ ပါတီစုံဒီမိုကရေစီစနစ်မှာ အရေးအကြီးဆုံးသည် ရွေးကောက်ပွဲဘဲ၊ ရွေးကောက်ပွဲသည် ခုနကပြောသလို သံသယရှင်းဖို့လို်တယ်။ သံသယ မရှင်းဘူး၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မသာမာမှုဖြစ်နိုင်တယ်ဆိုရင်၊ တာဝန်ရှိသူတွေက ရှင်းပေးဖို့၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ တည်ဆောက်တယ်ဆိုတဲ့ ဒီမိုကရေစီစနစ်သည်၊ ဒါသည် ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်သွားမှာပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။