မဲရလဒ်အား ဒွိဟဖြစ်နေသည့်ကိစ္စရပ်များကြောင့် မလိုလားအပ်သော နိုင်ငံရေးပြဿနာများ ပေါ်ပေါက်လာနိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း CNLD ပါတီ ထုတ်ပြန်

မဲရလဒ်အား ဒွိဟဖြစ်နေသည့်ကိစ္စရပ်များကြောင့် မလိုလားအပ်သော နိုင်ငံရေးပြဿနာများ ပေါ်ပေါက်လာနိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း CNLD ပါတီ ထုတ်ပြန်
Published 25 January 2021
ပြည့်ဖြိုးအောင်

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအကြား မဲရလဒ်အပေါ် ဒွိဟ ဖြစ်နေသည့်ကိစ္စရပ်များကြောင့် မလိုလားအပ်သော နိုင်ငံရေး ပြသာနာများ ပေါ်ပေါက်လာနိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) က ဇန်နဝါရီ ၂၅ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်နှင့် စပ်လျဉ်း၍ယှဉ်ပြိုင် ပါတီများမှအငြင်းပွားစရာ မဲမသမာမှုများ ရှိခဲ့ကြောင်း ထောက်ပြဝေဖန်မှုများရှိခဲ့ကာ ပြည်သူများအကြား သဘောထား ကွဲလွဲမှုရှိနေသည်ကို နေ့စဉ်ကြားသိလျက်ရှိ ကြောင်း ဖော်ပြထားသည် ။

ထို့ပြင် ပြည်ထောင်စုမြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထား သည့် နိုင်ငံဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံထားသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားကာ အမျိုးသားရင် ကြားစေ့ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်နေသည့် ကာလလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေသည့်ကာလအတွင်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအကြား မဲရလဒ်အပေါ် ဒွိဟဖြစ်နေသည့်ကိစ္စရပ်များကြောင့် မလိုလားအပ်သော နိုင်ငံရေး ပြဿနာများ ပေါ်ပေါက်လာနိုင်မှုအပေါ် စိုးရိမ်မကင်း ဖြစ်ရသည်ဟု သုံးသပ်ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် နောင်အနာဂတ်တွင် တိုင်း ရင်းသားပြည်သူများအကြား ပွင့်လင်းမြင်သာ ၍ တာဝန်ယူ၊ တာဝန် ခံမှုရှိသည့် ဒီမိုကရေစီစံ နှုန်းများကို အခြေခံကာ လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲကို ဖော်ဆောင်ပေး နိုင်ရန် သဘောထားထုတ်ပြန်ခဲ့သည်။

CNLD ပါတီသည် ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီသုံးပါတီ ပူးပေါင်းတည်ထောင် ထားခြင်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း ပြည်နယ်လွှတ်တော် တစ်နေရာသာ အနိုင်ရရှိထားသည်။