“ဒီကလေးတွေက အများကြီးပဲ။ ပွိုင့်မိပြီဆိုရင် မှန်တွေလာသုတ်ပေးမယ်။ တိုက်ပေးမယ်။ ပြီးရင် ပိုက်ဆံတောင်းမယ်။ မပေးရင် ဒီကောင်တွေက ပြဿနာက ရှာချင်သေး။ ကားတံခါးကို ခြစ်သွားတာမျိုး၊ ဆဲပြီးတော့ ပြေးသွားတာမျိုးပေါ့” ဟု Grab Taxi ယာဉ်မောင်းတစ်ဦး ဖြစ်သည့် ဦးမြင့်လွင် (အမည်လွှဲ) က တာမွေဗလီထိပ်မီးပွိုင့်၌ ပွိုင့်မိနေစဉ် သူ၏ကားမှန်ကို အဝတ်စုတ်တစ်ခုဖြင့် လာရောက်သန့်ရှင်းရေးလုပ်ပေးနေဟန်ရှိသည့် ၁၀ နှစ်အရွယ်ခန့်ရှိ ကလေးငယ်တစ်ဦးကို ကြည့်ပြီး ပြောလိုက်သည်။
တာမွေမြို့နယ်အတွင်းရှိ ဗလီထိပ်မီးပွိုင့်သည် နေ့စဉ် ယာဉ်အစီးရေ သောင်းဂဏန်းဝန်းကျင် ဖြတ်သန်းသွားလာနေသည့် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်တတ်ရာ နေရာတစ်ခုဖြစ်သည်။ ယခင်နှစ်များစွာကတည်းက တာမွေဗလီမီးပွိုင့်အနီးတစ်ဝိုက်သည် ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးတတ်သည့် နေရာတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏နေရာအနှံ့သို့ သွားလာရန်အတွက် စီးနင်းနိုင်သည့် လိုင်းကားများ ဖြတ်သန်းရာ နေရာတစ်ခုဖြစ်ခြင်းကြောင့်လည်း မြို့တွင်းခရီးသွားပြည်သူများနှင့် ၎င်းတို့ကို အမှီပြု အသက်မွေးဝမ်းကျောင်းပြုနေသည့် လမ်းဘေးစျေးသည်များတို့ဖြင့် လူရှုပ်ရှုပ်ယာဉ်ကျပ်ကျပ် ဖြစ်တတ်သည့်နေရာတစ်ခုလည်း ဖြစ်သည်။ ကိုဗစ်ကာလများအတွင်း ထိုနေရာတွင် ထပ်မံမြင်တွေ့ရလေ့ရှိလာသည်က ပွိုင့်မိ၍ ရပ်နေသည့် ကားများထံမှ မုန့်ဖိုးပဲဖိုး လာရောက်တောင်းရမ်းလေ့ရှိသည် ကလေးငယ်များသာဖြစ်သည်။
ဥဒဟို သွားလာနေသည့် မော်တော်ကားများစွာတို့က မိနစ်တိုင်းတွင် မီးပွိုင့်၌ရပ်သွားလိုက်၊ ဖြတ်သန်းသွားလိုက် ရှိနေသလို မီးနီချိန်ကို စောင့်ဆိုင်းနေသည့် ကလေးငယ်များကိုလည်း တာမွေဗလီမီးပွိုင့်အနီးတွင် မြင်တွေ့နိုင်သည်။
အချို့ ကလေးငယ်များက စံပယ်ပန်းကုံးလေးများ ကိုင်လျက်၊ အချို့ကလေးငယ်များကတော့ အဝတ်စုတ်လေးများ ကိုင်လျက် ဘဝရှင်သန်ရပ်တည်ရေးအတွက် စာသင်ကျောင်းများ၏ ခပ်ဝေးဝေး နေရာတစ်ခု၌ ရောက်ရှိနေကြရသည်။
တစ်ခါတစ်ရံတွင်တော့ မိခင်ဖြစ်သူ၏ လက်ကိုဆွဲကာ လမ်းဖြတ်ကူးနေသည့် ကလေးငယ်အား ခပ်လှမ်းလှမ်းမှ စံပယ်ပန်းကုံးကိုင်လျက် ငေးမောနေသည့် ကလေးငယ်အချို့ကိုလည်း မြင်တွေ့နိုင်သည်။ တာမွေဗလီမီးပွိုင့်တွင်မှ မဟုတ်၊ ရန်ကုန်မြို့အတွင်းရှိ လူစည်ကားရာ ဘတ်စ်ကားမှတ်တိုင်များ၊ မီးပွိုင့်များ အနီးတစ်ဝိုက်သည် ကျောင်းနေအရွယ် ကလေးငယ်အချို့အတွက် လုပ်ငန်းခွင်တစ်ခုသဖွယ် ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပင်မကတော့ပေ။
မိုးမည်မျှ ရွာရွာ၊ နေမည်မျှ ပင်ပူပူ မည်သည့်ရာသီဥတု အခြေအနေမှာတွင် ဖြစ်စေကာမူ ရန်ကုန်မြို့ရှိ မီးပွိုင့်များ၌ စံပယ်ပန်းလာရောင်းသည့် ကလေးငယ်များက နေ့စဉ် နံနက်အစောပိုင်းအချိန်ကပင် မြင်တွေ့နိုင်သည်။ COVID-19 ရောဂါကြောင့် Stay at Home ထုတ်ပြန်ထားရချိန်တွင်ပင် ရှင်းလင်းနေသည့် လမ်းမကြီးတစ်လျှောက်ကို ငေးလျက် လက်မှိုင်ချနေသည့် ပန်းသည် ကလေးငယ်လေးများကို မြင်တွေ့နေရမြဲဖြစ်သည်။
ဆင်းရဲမွဲတေမှုသည် အသက်မပြည့်သေးသည့် ကလေးငယ်များအား စာသင်ကျောင်းများ၏ ပြင်ပသို့ တွန်းပို့လျက်ရှိသည့် အရာတစ်ခုဖြစ်ပြီး အသိပညာ၊ အတတ်ပညာ ပြည့်စုံစွာ မသင်ကြားမသင်ယူနိုင်တော့ မည့် အခြေအနေတစ်ခုကိုလည်း ဆင့်ပွားဖန်တီးလျက် ရှိနေသည်။
ပညာရည် မပြည့်စုံနိုင်မှုနှင့်အတူ ငွေရပေါက်လွယ်သည့် အကြောင်းရင်းက လမ်းပေါ်ရောက်နေသည့် ကလေးငယ်အချို့အား လမ်းမှားသို့ ခေါ်ဆောင်သွားရန်ဖြစ်လာခဲ့သည်။
ပွိုင့်မိနေသည့် ကားတစ်စီးကို အဝတ်စုတ်တစ်ခုကိုင်ကာ စက္ကန့်ပိုင်းမျှ ပွတ်တိုက်လိုက်ရုံဖြင့် ကျပ်ငါးရာခန့် ရရှိနိုင်သည့် အခွင့်အရေးတစ်ခုက ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ နည်းမှန်လမ်းမှန် ကြိုးစားလိုစိတ်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်တော့မည် ဖြစ်သည်။
စာသင်ခန်းအတွင်း ထိုင်နေခြင်းသည် ငွေရပေါက်လွယ်သည့် အကြောင်းအရာတစ်ခု မဟုတ်ဟု သဘောပေါက်သွားခြင်းက စာသင်ခန်းများမှနေ၍ ရရှိနိုင်မည့် လူ့ဂုဏ်သိက္ခာ၏ တန်ဖိုးအကြောင်းကို လျစ်လျူရှု ကျောခိုင်းပစ်ရန် ဝန်လေးနေမည် မဟုတ်တော့ပေ။
“ တချို့ကောင်တွေက အခုလိုပဲလာပြီး ခဏလောက် ဟိုပွတ်ဒီပွတ် လုပ်ပြီးရင် ပိုက်ဆံတောင်းပြီ။ သူတို့က အကြွေပေးလိုက်လို့ မရဘူး။ ငါးရာလောက် အနည်းဆုံးတောင်းတာမျိုး။ လူကိုကြည့်ပြီးတော့ သူတို့ လုပ်လို့ ရတယ်ထင်ရင် ပိုက်ဆံ တောင်းတာမပေးလို့ ကားကို လုပ်တယ်ဆိုတာမျိုး ဟိုခြစ် ဒီခြစ်က လုပ်ကြသေးတယ်။ ဆဲပြီး ထွက်ပြေးမယ်။ ဒီကောင်တွေ မလွယ်ဘူး” ဟု Grab Taxi ယာဉ်မောင်း ဦးမြင့်လွင်က ပြောကြားသည်။
ငွေရပေါက်လွယ်သည့် အကြောင်းရင်းက ကလေးငယ်တစ်ဦးအား စာရိတ္တ၏ တန်ဖိုးအကြောင်းကို မေ့လျော့သွားစေပြီး အရွယ်နှင့်မလိုက် ကြမ်းတမ်းရိုင်းပျမှုများကို ပြုမူမိစေသည့် အရာတစ်ခုလည်း ဖြစ်လာပေသည်။ ပုံသွင်းမှုအပေါ် မူတည်၍သာ ပုံထွက်တတ်ခြင်းကြောင့် ဆင်းရဲတွင်းနက်သည့် ဘဝများ၏ အနီးတွင် ရစ်ဝဲနေတတ်သည့် ဒုစရိုက်ကျူးလွန်သူများ၏ ပုံသွင်းအသုံးချခြင်းဖြင့် ဘဝပေးမလှခဲ့ရသည့် ကလေးငယ်အချို့သည် ဒုစရိုက်ကျူးလွန်သူများ လျှောက်သည့်လမ်းအတိုင်း လျှောက်လှမ်းရသည်ကို ပျော်မွေ့လာကြတော့သည်။ အချို့က တောင်းရမ်းရာမှ အလစ်သုတ် ခိုးယူတတ်လာကြပြီး အချို့ကလည်း အကြမ်းဖက်တောင်း ရမ်းတတ်လာကြပြန်သည်။
“ATM မှာ ပိုက်ဆံထုတ်ပြီး ထွက်လာတုန်း ကလေးတစ်ယောက်က အရင် ပိုက်ဆံလာတောင်းတယ်။ နောက်ပြီးတော့ နောက်ထပ်လေး ငါးယောက်လောက် ထပ်ရောက်လာပြီး အကုန်လုံးဝိုင်းတောင်းကြရော။ အစ်မ ပိုက်ဆံအိတ်တွေပါ အတင်းဆွဲပြီးတောင်းတာ။ အစ်မက တစ်ယောက်မှ မပေးတော့ဘူးဆိုပြီး အသံမာမာနဲ့ မောင်းထုတ်တော့ တစ်ယောက်က အစ်မကို ခြေထောက်နဲ့ ကန်ပြီး ပြေးတယ်။ ကျန်တဲ့သူတွေကလည်း စုံနေအောင် ဆဲပြီး ပြေးသွားကြတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ မရီပွင့်က ပြောပြသည်။
ခပ်လွယ်လွယ် ငွေရရှိနိုင် သော်လည်း အသက်မပြည့်သေးသည့် အရွယ်ဖြစ်ခြင်းကြောင့် ရရှိလာသည့် ငွေကြေးများကို မည်သို့ အသုံးချရမည်ကို ဝေဖန်ပိုင်းခြားနိုင်မှု မရှိခြင်းက ကလေးငယ်အချို့အား အမှားနွံကို တစ်ဆင့်ထပ်နှစ်သည့် အလားဖြစ်သွားစေသည်။ လူစည်ကားရာ ဘတ်စ်ကားမှတ်တိုင် အမိုးပေါ်တွင် ကော်ရှူပြီး မှိန်းနေသော ကလေးငယ်အချို့သည် ရန်ကုန်မြို့တွင် မြင်တွေ့နိုင်သည့် မြင်ကွင်းတစ်ခုဖြစ်နေပြီး ထိုကလေးငယ်များအား သွားရောက်တားမြစ်သူများသည် ကော်မှိန်းနေသည့် ကလေးငယ်များ၏ ရန်သူသဖွယ် ပြုမူဆက်ဆံခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။
“ မြန်မာပလာဇာရှေ့က ကားမှတ်တိုင်မှာဆိုရင် မှတ်တိုင်ပေါ်တက်ပြီး ဇိမ်ယူနေတဲ့ ကလေးတွေကို ခဏခဏ တွေ့တယ်။ ဒီကလေးတွေက မနက်ခင်းဆို ပွိုင့်မှာ လိုက်တောင်းမယ်။ ပြီးရင် ကော်သွားရှူမယ်။ မှတ်တိုင်ပေါ် တက်မှိန်းမယ်။ မနက်ဆို တောင်းတဲ့ ကလေးတွေ အများကြီးပဲ။ ဒီကောင်တွေက နေ့ခင်းဆို ကော်ရှူပြီး နားတယ်ထင်ပါတယ်။ မှတ်တိုင်ပေါ် တက်အိပ်နေလို့ သွားပြီး ပြောကြည့် ပြောတဲ့သူကို ပြဿနာ ရှာပြပါလိမ့်မယ်။ အဲဒီတော့လည်း ဘယ်သူမှ မပြောတော့ဘူးပေါ့” ဟု ဦးမြင့်လွင်က ပြောပြသည်။
တောင်းရာမှ ရမ်းကားလာသည့် ကလေးအချို့သည် ရန်ကုန်မြို့တွင် ဟိုတစ်စ ဒီတစ်စဖြင့် တဖြည်းဖြည်း ပြန့်ကြဲလျက်ရှိနေသော်လည်း အသက်မပြည့်သေးသည့် အရွယ်ဖြစ်နေခြင်း၊ ပြစ်မှုမြောက်သည့် ဒုစရိုက်မှုမျိုးကို ကျူးလွန်နေခြင်းမျိုး မဟုတ်ခြင်းကြောင့်လည်း အရေးယူတားမြစ်ရန်အတွက် ဒွိဟဖြစ်စရာ အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ကြုံတွေ့နေရပြီး အချို့သော လမ်းမှားရောက်ကလေးငယ်များ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများ ရှိနေတတ်သည်ဟုလည်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောပြကြသည်။
“သူတို့က မနက်ပိုင်းဆိုရင် Light Truck တစ်စီးက လာပြီး ပို့သွားတယ်။ ပြီးရင် ည ၈ နာရီလောက်ဆို လာပြန်ခေါ်တယ်။ မခေါ်သွားရင်လည်း ပိုက်ဆံလာကောက်တဲ့ သဘောမျိုး ထင်ပါတယ်။ လာတော့ လာတယ်။ ပြီးရင်ပြန်သွားတယ်။ ကလေးတွေက တစ်စီးကို ၁၀ ယောက်လောက်ပါလာတတ်တယ်။ တစ်နေကုန် လိုက်တောင်းတယ်။ ကော်ရှူကြတယ်။ ပြီးရင် ညရောက်ရင် သောင်းကျန်းတယ်။ အရင်က မရှိဘူး။ အခု ကိုဗစ်ကာလ နောက်ပိုင်း များများလာတယ်။ ရဲသွားတိုင်ရင်လည်း ခဏပဲလေ။ ရဲကလည်း ဖမ်းလို့မှ မရတာ။ ပြီးရင် တစ်ရက် နှစ်ရက်လောက်နေရင် ပြန်ရောက်လာတယ်။ ရပ်ကွက်ကလည်း မနိုင်ဘူး။ ကြာရင် ပိုဆိုးလာမှာ” ဟု တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်၌ နေထိုင်သူတစ်ဦးက ပြောကြားသည်။
အပူဒဏ်များသည့် ဖယောင်းသည် ပျော့တွဲ၍ ပုံသဏ္ဌာန် ပျက်ယွင်းရသကဲ့သို့ နွမ်းပါးမှုကြောင့် ပုံပျက်ခဲ့ရသည့် မိသားစုဘဝတွင် နေထိုင်ခဲ့ရသူ ကလေးငယ်အချို့သည် ဘဝပေးအခြေအနေအရ မွေးရာပါ တောင်းရမ်းရသူများလည်း ဖြစ်လာတတ်သည်။ လူစည်ကားရာ နေရာများတွင် အနှီးအတွင်း ရင်ခွင်ပိုက် ကလေးငယ်ကို ချီပိုးလျက် တောင်းရမ်းနေသည့် အမျိုးသမီးငယ် အချို့သည် မြင်ရသူများအတွက် သနားကရုဏာသက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေပေမည်။
သို့ရာတွင် အနှီမွေးကင်းစ ကလေးငယ်အတွက် သူ၏ဘဝပေး ကံကြမ္မာသည် မိခင်မဟုတ်သူ အမျိုးသမီးတစ်ဦးက ချီပိုး၍ တောင်းရမ်းရာ၌ အသုံးချခံနေရသည့် သက်ရှိပစ္စည်းတစ်ခုသဖွယ်လည်း ဖြစ်နေနိုင်မည်ဖြစ်သည်။
“ ဒီအမျိုးသမီးက အမြဲတမ်း ကလေးလေးချီပြီး တောင်းတတ်တယ်။ ကလေးကတော့ ဘယ်တော့မှ ကြီးလာတာမျိုး မတွေ့ရဘူး။ သူ့ကို ဒီမှာတွေ့တာ နှစ်နှစ်လောက်ရှိပြီ။ တောင်းတိုင်း ကလေးပါတယ်။ သတိထားကြည့်တော့ ကလေးပဲ ပြောင်းသွားတာ သူကတော့ မပြောင်းဘူး။ အမြဲ မွေးကင်းစ ကလေးတစ်ယောက်တော့ ချီထားပြီး တောင်းနေတာပဲ” ဟု ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်အနီးနေထိုင်သူ ကိုဇွဲထက်က ပြောပြသည်။
အချို့ ကလေးငယ်များသည် မိဘများက တောင်းရမ်းသူများ ဖြစ်ခြင်းကြောင့် တောင်းရမ်းရသူများ ဖြစ်လာရပြီး ၎င်းတို့၏ မိသားစု အလုပ်အကိုင်သည်လည်း တောင်းရမ်းခြင်းသာ ဖြစ်နေမည်ဖြစ်သည်။
ကြည်ဖြူပေးကမ်းသူများပြား၍ မြိုးမြိုးမြက်မြက်ရရှိသည့် အခါမျိုး၌ နေထိုင်ရာ ကျူးကျော်ရပ်ကွက်ဆီသို့ မိဘများနှင့်အတူ အငှားယာဉ်စီး၍ အိမ်ပြန်အနားယူနိုင်သည့် တောင်းရမ်းသူ ကလေးငယ်အချို့လည်း ရှိခဲ့သည်။ ရက်အတော်များများသည် တောင်းရမ်းပြီးနောက် လိုင်းကားဖြင့်သာ ပြန်ရသည်သာ ရှိသော်လည်း အိမ်အပြန်ခရီးတွင် ခါးပိုက်နှိုက်ခိုးဝှက်ခြင်းမျိုးကိုတော့ ထိုကလေးငယ်များက ကျူးလွန်မည် မဟုတ်သလို သူတို့၏ မိဘများသည်လည်း ရိုးရိုးသားသားသာ တောင်းရမ်းမှုကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုသဖွယ် လုပ်ကိုင်သူများ ဖြစ်နေပေမည်။
“ အစ်ကို ကားကို ငှားတာကြုံဖူးတယ်။ သူတို့တွေက မိသားစုလိုက် တောင်းကြတာ။ တောင်းတာများများရရင် အိမ်ကို ပြန်တဲ့အခါ ကားငှားပြန်တယ်။ ငှားမယ်ဆို လှမ်းပြီး ဆက်သွယ်တယ်။ လိုက်ပို့ပေးရတယ်။ နေတာကတော့ ကျူးကျော် ရပ်ကွက်တွေမှာပေါ့ကွာ။ ကလေးတွေကလည်း မိဘတွေတောင်းရင် လိုက်လာပြန်တောင်းပေါ့။ လိုင်းကားပဲ စီးကြတာများပါတယ်။ သူတို့ ပြောပြတာတော့။ ဒါပေမဲ့ သူတို့က ခါးပိုက်တွေဘာတွေတော့ မနှိုက်ကြဘူး။ ဘာဖြစ်လို့ဆိုရင် အစ်ကိုက ခါးပိုက်နှိုက်တွေလည်း ကားငှားစီးတာ ရှိတယ်လေ။ ဒီကောင်တွေကတော့ အချိန်းအချက်တွေနဲ့ပေါ့။ ဒါပေမဲ့ ဟိုကလေးတွေနဲ့ လူကြီးတွေကတော့ ခါး (ခါးပိုက်နှိုက်) အလုပ် မလုပ်ဘူး။ တောင်းတယ်။ ပြီးရင်ပြန်ကြတယ်” ဟု မြေအောက် ဒုစရိုက် လောကနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောပြသည်။
မိဘကူဆိုသည့် စာသားသည် မူလတန်းသင်ရိုးတွင် မြင်တွေ့သင်ကြားခဲ့ရသည့် အရာတစ်ခုဖြစ်ပြီး အချို့သော ကလေးငယ်များသည် ပညာသင်ကြားမှု တစ်ဖက်ဖြင့် မိဘများ၏ နွမ်းပါးမှုအခြေအနေကြောင့် လုပ်ငန်းခွင်အတွင်း ကူညီဝင်ရောက်နေကြရသည်။ ရေသန့်ဘူးက တစ်ဖက်၊ သရက်သီးတွဲက တစ်လက်ဖြင့် ငွေကြေးကလေးများ လက်ကြားညှပ်ကာ ကျောင်းဝတ်စုံလေးများ ဝတ်လျက် မီးပွိုင့်များတွင် စျေးရောင်းချနေသည့် ကလေးငယ်အချို့ကိုလည်း ရန်ကုန်မြို့တွင် မြင်တွေ့နိုင်သည်။ သူတို့ထဲကမှ အချို့သည် မိသားစု စားဝတ်နေရေး နေ့စဉ်ပြေလည်စေရေးအတွက် ပညာသင်ကြားချိန် ပြီးဆုံးချိန်တွင် လမ်းမများပေါ်၌ မိဘကူရန် ရောက်လာကြရသည်။ အခြား သက်တူရွယ်တူ ကလေးငယ်များ ကျောင်းမှပြန်၍ မိဘရင်ခွင်တွင် ဆော့ကစားနေချိန်၌ သူတို့လေးများကတော့ ကျောင်းဝတ်စုံပင် လဲလှယ်နိုင်ခြင်းမရှိပေ။
ကျောတစ်ခင်းစာအတွက် စရိတ်စက ကြီးမြင့်လှသည့် ရန်ကုန် မြို့ပြအခြေအနေကြောင့် အိမ်လခ အလျင်မီပေးချေနိုင်ရေးအတွက် မိဘများ စျေးရောင်းချနေသည့် နေရာများသို့ ကျောင်းဆင်းချိန် လာရောက်ကူညီနေကြရသည်။
နေပူပူအောက်တွင် ကျောင်းဝတ်စုံလေးဝတ်လျက် ပါးကွက်မပြယ့်တပြယ်ဖြင့် ကလေးတစ်ဦး ရောင်းချသည့် ရေသန့်ဘူးက ပို၍ ရေငတ်ပြေမည် မဟုတ်သော်ငြားလည်း ကရုဏာစိတ်၏ စေ့ဆော်မှုကြောင့် စတိုးဆိုင်မှ ရေသန့်အေးအေး တစ်ဘူးထက် ပို၍အရသာရှိနိုင်ပေသည်။
“ကျွန်တော်တို့က သာကေတမှာ နေတာပါ။ အိမ်လခက စျေးကြီးတော့ မနည်းရှာနေရတယ်။ ကလေးတွေက နှစ်ချိန်ကျောင်းဆိုတော့ ကျောင်းချိန်ပြီးရင် ကလေးတွေက လာကူပေးတယ်။ ကျွန်တော်တို့ ရောင်းရင် သိပ်ပြီးတော့ ရောင်းမကောင်းလှဘူး။ သူတို့လေးတွေကျတော့ လူတွေက ဝယ်ကြတယ်ဗျာ။ ကျွန်တော်လည်း မခိုင်းချင်ပေမဲ့ မတတ်သာဘူးလေ။ တစ်လတစ်လ တစ်ရက်တစ်ရက် မနည်းအလျင်မီအောင် လုပ်နေရတာပေါ့” ဟု သုဝဏ္ဏလမ်းဆုံမီးပွိုင့်အနီးတွင် စျေးရောင်းချသူ အမျိုးသားတစ်ဦးက ပြောပြသည်။
မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်း တစ်သန်းကျော်ရှိနေပြီး ကလေးလုပ်သား အများအပြားကို မြင်တွေ့နိုင်သည့် နေရာတစ်ခုမှာ လည်း ရန်ကုန်မြို့ပင် ဖြစ်သည်။ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်ရှိသည့် အချိန်တုန်းက ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်များ၌ လုပ်ကိုင်နေသည့် စားပွဲထိုး အများစုသည် အသက်မပြည့်သေးသည့် ကလေးသူငယ်များပင်ဖြစ်သည်။ ၎င်းတို့သည် ကိုဗစ်ကာလအတွင်း ဆိုင်များ ပိတ်ထားရခြင်း၊ ဆိုင်ထိုင်စားသောက်ခွင့် မရှိတော့ခြင်းကြောင့် အလုပ်လက်မဲ့ဘဝသို့ အများအပြား ရောက်ရှိသွားရပြီး အများစုသည် နယ်ဝေးမှလာကာ မိဘကို လုပ်ကျွေးပြုစုထောက်ပံ့ရန် ရန်ကုန်မြို့၌ လာရောက်အလုပ်လုပ်ကိုင်နေရသူများဖြစ်သည်။
အချို့ကလေးငယ်များသည် ဘတ်စ်ကားများပေါ်၌ စာရွက်လေးများ ဝေလျက် တောင်းရမ်းနေကြရသည်။ ကိုဗစ်ကာလအတွင်းတွင် တောင်းရမ်းနေသည့် (သို့မဟုတ်) လမ်းပေါ်တွင် သွားလာနေထိုင်နေသည့် ကလေးငယ်များစွာကို ပိုမိုမြင် တွေ့လာရသည်။ သူတို့သည် စာသင်ခန်း၏ ဆန့်ကျင်ဘက် တစ်နေရာတွင် ရောက်ရှိနေကြရသည်။ သူတို့အားလုံးသည် ပညာသင်ရမည့် အရွယ်များဖြစ်သော်လည်း ပညာသင်ကြားရာ ကျောင်းများသည် သူတို့အတွက် သက်ဆိုင်ခြင်း မရှိ။ ကျောင်းဝတ်စုံလေးနှင့် ရေသန့်ဘူး ရောင်းနေရသည့် ကလေးငယ်၊ တောင်းရမ်းနေရသည့် ကလေးငယ်၊ စားပွဲထိုးကလေးငယ် စသည့် ကလေးလုပ်သားလေးများအတွက် စာသင်ကျောင်းသည် အစိုးရက တားမြစ်ထားရာ နေရာမဟုတ်သော်လည်း ဘဝက တားမြစ်ထားသည့် တားမြစ်နေရာတစ်ခုအလားပင် ဖြစ်နေတော့၏။