တူနီးရှားနိုင်ငံ တူးနစ်မြို့တော်ရှိ မိခင်များက အစိုးရသည် ညပေါင်း များစွာဆူပူအုံကြွမှုများကို တုံ့ပြန်သည့်အနေဖြင့်၎င်းတို့၏ သားသမီးများကိုအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြသည်ဟု စွပ်စွဲပြောကြားခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များကလည်း လူ ၁,၀၀၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
လမ်းမများပေါ်၌ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် မကျေနပ်သောလူငယ်များအကြား ခြောက်ညကြာ ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် “ရဲတပ်ဖွဲ့က ကျွန်မတို့အိမ်တံခါးကို အတင်းတွန်းဖွင့်ပြီး ကျွန်မသားကို ဖမ်းသွားကြတယ်။ ကျွန်မတို့အိမ်နီးချင်းတွေက မျက်မြင်သက်သေပါပဲ” ဟု မာရီယမ် ဘင်ဆာလမ်က ပြောကြားခဲ့သည်။
“ ကျွန်မသားကဒီဆူပူမှုတွေမှာ မပါပါဘူး။ ကျွန်မကလေးတွေကို အမြဲလေ့လာသင်ယူနေဖို့အတွက် သင်ရိုးပြင်ပလေ့လာတာတွေ လုပ်နိုင်ဖို့ပိုက်ဆံတွေ ပိုရအောင် ကျွန်မ အလုပ်ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ အနီးအနားကဒေသတွေမှာ မူးယစ်ဆေးတွေနဲ့ အရက်တွေကြောင့် ကလေးတွေ အကျင့်ပျက်မှာ စိုးလို့ပါ” ဟု ၎င်းက ဆိုသည်။
မာရီယမ်၏ သားဖြစ်သူအသက် ၁၈ နှစ်အရွယ် ဆေ့ဖ်ဖက်ဒင်းသည် နည်းပညာကျောင်းတွင် ဒုတိယ နှစ်တက်ရောက်နေပြီး ရာဇဝတ်မှုမှတ်တမ်းမရှိသူဖြစ်သည်။ သူသည် ဇန်နဝါရီ ၂၉ ရက်၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆူပူမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံခဲ့ရသည်။
“ ကျွန်မသားကသာ အမှားလုပ်ထားတယ်ဆိုရင် သူ့ဘက်ကနေ ကာကွယ်ပေးနေမှာမဟုတ်ပါဘူး။ သူ့ရဲ့လုပ်ရပ်အတွက် သူတာဝန်ယူရမှာပါ” ဟု မာရီယမ်က ဆိုသည်။
ဇန်နဝါရီ ၂၀ ရက်၌ မာရီယမ်နှင့် အခြားမိခင်များသည် ၎င်းတို့၏ ကလေးများ ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်ကို ရှုတ်ချကြောင်းတူးနစ်တရား ရုံးအပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။
အချို့မိခင်များက ၎င်းတို့၏ သားသမီးများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ထားသည့် ကာဖျူးမိန့်ကို ချိုးဖောက်သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
တူနီးရှားအာဏာရှင် ဇင်နီအယ် အဘီဒင်းဘန် အလီအားဖြုတ်ချနိုင်ခဲ့သည့် အာရပ်နွေဦးတော်လှန်ရေး ဖြစ်ပွားပြီး ၁ဝနှစ်အကြာတွင် ကပ်ရောဂါကြောင့် နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျနေချိန်တွင် ဇန်နဝါရီ ၁၄ ရက်၌ ဆန္ဒပြမှုများစတင်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ဆန္ဒပြမှုများ ငြိမ်သက်ခဲ့သည်။
အသက်မပြည့်သေးသူများအပါအဝင် လူ ၁,၀၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် အခြား အစိုးရမဟုတ်သောအဖွဲ့က ဇန်နဝါရီ ၂၁ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ အဖမ်းခံရတဲ့သူတစ်ချို့ဟာ ဆန္ဒပြပွဲမှာတောင်မပါကြပါဘူး” ဟု တူနီးရှားလူ့အခွင့်အရေးအဖွဲ့ဝင် ဘက်ဆမ်ထရီဖီက ဆိုသည်။
တက်ကြွလှုပ်ရှားသူများက Facebook နှင့်အခြားလူမှုမီဒီယာများတွင် ဆန္ဒပြသူများကို ထောက်ခံကြောင်း ရေးသားခဲ့ကြပြီး ယင်းတို့ထဲမှ အနည်းဆုံးတစ်ဦးသည်ပြစ်မှု ထင်ရှားစီရင်ခံရမည်ဆိုလျှင် ထောင်ဒဏ်ခြောက်နှစ်အထိ ချမှတ်ခံရနိုင်ဖွယ်ရှိသည်။
ယင်းကဲ့သို့ဖမ်းဆီးမှုများသည် လုံခြုံရေးတပ်ဖွဲ့များအားဆန့်ကျင်သည့် ဆူပူမှုများ ပိုမိုဖြစ်ပေါ်နိုင်ပြီး အာဏာပိုင်များကို ဆန့်ကျင်သည့် ဆူပူမှုအသွင်ပြောင်းနိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက သတိပေးပြောကြားခဲ့သည်။
အာဏာပိုင်များကမူ လူ ၆၀၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နှစ်ရက်အကြာ၌ နောက်ထပ် လူ ၇၀ ကို ထပ်မံထိန်းသိမ်းခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်၌ ပြောကြားခဲ့သည်။
စီးပွားရေးကျဆင်းခြင်း၊ လူငယ်များအလုပ်လက်မဲ့နှုန်းမြင့်တက်ခြင်းနှင့် နိုင်ငံရေးခေါင်းဆောင်များအား ဆန့်ကျင်မှုနှင့်အတူ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
မာရီယမ်က ၎င်း၏သားဖြစ်သူ ဖမ်းဆီးခံခဲ့ရပြီးနောက် သုံးရက်အကြာမှ သားကိုတွေ့ခွင့်ရရှိခဲ့ပြီးသား ဖြစ်သူ၏ခြေထောက်များသည် ရိုက်နှက်ခံထားရသည်ဟုဆိုသည်။
အသက်မပြည့်သူများအား တရားမဝင်ဖမ်းဆီးထားပြီး ၎င်းတို့၏ အုပ်ထိန်းသူများ သို့မဟုတ် ကလေးကာကွယ်ဆေးအဖွဲ့မှ ကိုယ်စားလှယ်များမရှိဘဲ ရုံးထုတ်စစ်ဆေးခံရနိုင်ဖွယ်ရှိသည်ဟု မာရီယမ်က ဆိုသည်။ ဖမ်းဆီးခံခဲ့ရသည့်အသက်ပြည့်ပြီးသူများသည် ရှေ့နေများ၊မိဘများနှင့် တွေ့ဆုံခွင့်ပိတ်ပင်ခံခဲ့ရသည်။
လူပေါင်း ၁ဝဝကျော်သည် လေးနာရီမျှသာကြာမြင့်သည့် ကြားနာမှုအတွင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်သည်ဟု အချို့ရှေ့နေများက ပြောကြားခဲ့သည်။