ကိုဗစ်ကာလ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုနှင့် ခုခံနေရသည့် ရန်ကုန်မြို့အခြေအနေ

ကိုဗစ်ကာလ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုနှင့် ခုခံနေရသည့် ရန်ကုန်မြို့အခြေအနေ
မြို့နယ်တစ်ခုအတွင်း တာဝန်ထမ်းဆောင်နေသည့် စည်ပင်ဝန်ထမ်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
မြို့နယ်တစ်ခုအတွင်း တာဝန်ထမ်းဆောင်နေသည့် စည်ပင်ဝန်ထမ်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 24 January 2021
ငြိမ်းငြိမ်းသူ

(၁)

ရန်ကုန်မြို့တွင် နေ့စဉ် ပျမ်းမျှ အမှိုက်တန်ချိန်ပေါင်း ၂၅၀၀ ခန့် ထွက်ရှိလျက်ရှိသည်။ 

ယင်းအနက် ပလတ်စတစ် အမှိုက်မှာ တန် ၃ဝဝခန့် ပါဝင်နေကြောင်း ပလတ်စတစ်ညစ်ညမ်းမှုများ အကြောင်းသိသာမြင်သာမှု ရှိရန်လုပ်ဆောင်နေသည့် သန့် မြန်မာအဖွဲ့၏ လေ့လာတွေ့ရှိမှု စစ်တမ်းများအရ သိရသည်။

၂၀၁၅ ခုနှစ်ဝန်းကျင်ခန့်က ရန်ကုန်မြို့၌ စွန့်ပစ်အမှိုက်ထွက်ရှိမှု နှုန်းမှာ တစ်ရက်လျှင် တန်ချိန် ၁၇၀၀ မှ ၂၀၀၀ အထိသာရှိခဲ့သည့်အတွက် ငါးနှစ်အတွင်း နေ့စဉ်အမှိုက်ထွက်ရှိမှုမှာ သုံးဆခန့် မြင့်တက်လာခြင်းဖြစ်သည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သောကြောင့် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များထက်စာလျှင် လူနေထူထပ်မှု အများဆုံးမြို့လည်း ဖြစ်သည်။

မြို့ပြနေလူထုတွင် လူတစ်ဦးလျှင် နေ့စဉ် တစ်ခါသုံး ပလတ်စတစ်အိတ်လေးလုံးကို သုံးစွဲလျက်ရှိပြီး နှစ်စဉ်အရေအတွက်အားဖြင့် တစ်ခါသုံး ပလတ်စတစ်အိတ်ပေါင်း ၁၅၀၀ နီးပါးကို သုံးစွဲနေကြောင်း သန့်မြန်မာ၏လေ့လာတွေ့ရှိမှုအရ သိရသည်။

ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦး၏ တစ်ရက်ပျမ်းမျှ အမှိုက်ထွက်နှုန်းမှာ သုည ဒသမ ၈ ကီလိုဂရမ်ရှိပြီး တစ်နှစ်လုံးဆိုပါက ၂၉၂ ကီလိုဂရမ်ရှိကြောင်း သန့်မြန်မာ၏လေ့လာမှုစစ်တမ်းက ဆိုသည်။

ပူပြင်းသည့်ရာသီများတွင် အမှိုက်တန်ချိန် တန် ၂၂၀၀ မှ တန် ၂၄၀၀ လောက်အထိ ထွက်ရှိပြီး စိုစွတ်သည့်ကာလများတွင် တန် ၂၆၀၀ မှ ၂၇၅၀ ခန့်အထိထွက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အချက်အလက်များအရ သိရသည်။

 (၂)

၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက် က မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း လူအများ Stay at Home အစီအစဉ်ဖြင့်နေထိုင်ခဲ့ကြပြီး အစားအသောက်များ မှာယူသုံးစွဲမှု များပြားလာခြင်းကြောင့် ပလတ်စတစ်အိတ် သုံးစွဲမှုများသည် ပုံမှန်ထက် အမှိုက်ထွက်ရှိမှုနှုန်း များလာကြောင်း ပလတ်စတစ်ညစ်ညမ်းမှုများအကြောင်း သိသာမြင်သာမှုရှိလာအောင် လုပ်နေသည့်အဖွဲ့အစည်းများထံမှ သိရသည်။

“ COVID-19 ရောဂါကာလအတွင်းမှာ ပလတ်စတစ်အိတ် သုံးစွဲမှုတွေ များလာတယ်။ ဘယ်လို ပစ္စည်းတွေ များလာလဲဆိုတော့ အများအားဖြင် ့ကျွန်မတို့တွေ့ရတာက တစ်ခါသုံးစားသောက်ကုန်ထုတ်တဲ့ ပလတ်စတစ် ဖော့ဘူးကဲ့သို့ အရာတွေ၊ ပလတ်စတစ် တစ်ခါသုံးဘူးတွေ၊ အများကြီးတွေ့ရတယ်။ အဲဒီအပြင် ကြွတ်ကြွတ်အိတ်တွေ ရှိတယ်။ ပလတ်စတစ်တွေသုံးစွဲတာနဲ့အမျှ ဘာဖြစ်လာလဲဆိုတော့ အမှိုက်တွေ ပိုများလာတာ။ အဲဒီလိုများလာတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုရင် ပုံမှန်ထက် အမှိုက်ထွက်ရှိမှုနှုန်း များလာတယ်” ဟု သန့်မြန်မာ၏ PR & Community Engagement တာဝန်ယူထားသူ မမေသက်ထွေးက ဆိုသည်။

မြန်မာနိုင်ငံတွင် အမှိုက်သိမ်း စနစ်ဆိုင်ရာ နည်းပညာနှင့် အခြေခံလိုအပ်သော ပစ္စည်းကိရိယာများ အဆောက်အအုံများ အားနည်းပြီး မပြည့်စုံခြင်း၊ အမှိုက်ခွဲခြားစွန့်ပစ်သောစနစ် မရှိခြင်း၊ ပလတ်စတစ်ကြောင့်  ဖြစ်ပေါ်သည့် ညစ်ညမ်းမှုများ၊ စည်းကမ်းတကျအမှိုက်စွန့်ပစ်သည့် အလေ့အထများနှင့် ပတ်သက်၍ အသိပညာပေးအားနည်းခြင်း စသည်တို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များ ကျရောက်လုနီးနီးအနေအထားသို့ ရောက်နေကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူများက ထောက်ပြကြသည်။

ယခုအချိန်တွင် နိုင်ငံအတွင်း တစ်နေ့တာ အမှိုက်ထုတ်လုပ်မှုမှာ တန်ပေါင်း ၁၂၀၀၀ မှ ၁၅၀၀၀ အတွင်းရှိမည်ဟု ခန့်မှန်းထားသည်။

ယင်းတို့အနက် မြို့ပြမှ စွန့်ပစ် အမှိုက်များ၏ ၆၅ ရာခိုင်နှုန်းသည် ဆွေးမြေ့လွယ်သည့် သဘာဝအမှိုက်များ ဖြစ်ကြပြီး ကျန်ရှိသည့်  ၃၅ ရာခိုင်နှုန်း၏ သုံးပုံတစ်ပုံနှင့် အထက်မှာ ပလက်စတစ်အမှိုက်များဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါကာလတွင် ဆေးရုံ၊ ဆေးခန်းမှထွက်ရှိလာသည့် အမှိုက်များ၊ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Mask များ ၊ PPE ဝတ်စုံများ၊ လက်အိတ်များ စသည်တို့ကို သုံးစွဲပြီးသည်နှင့် စွန့်ပစ်မှုများရှိလာသည်။

ယခင်က ဆေးရုံဆေးခန်းမှ ထွက်သည့်အမှိုက်သည် တစ်ရက်လျှင် သုံးတန်၊ လေးတန်သာ ထွက်ရှိပြီး COVID-19 ကပ်ရောဂါကာလတွင် Quarantine စင်တာများလည်း ရှိလာခြင်းကြောင့် ဆေးရုံ၊ ဆေးခန်းအမှိုက်များကို ခြောက်တန်မှ ခြောက်တန်ခွဲအထိ သိမ်းဆည်းလာရကြောင်းနှင့် ယင်းအမှိုက်များကို မီးရှို့ဖျက်ဆီးပစ်ရကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

COVID-19 ကပ်ရောဂါကာလတွင် သန့်ရှင်းရေး စည်ပင်ဝန်ထမ်းများအနေဖြင့် အမှိုက်သိမ်းဆည်းရာ၌ စနစ်တကျ စွန့်ပစ်ထားမှုမရှိသည့် Mask များ၊ လက်အိတ်များ စသည့်အန္တရာယ်ရှိ အမှိုက်များကို သိမ်းဆည်းပေးနေရပြီး ဝန်ထမ်းအချို့ ရောဂါကူးစက်ခံရမှုများရှိလာကြောင်း တာမွေမြို့နယ်စည်ပင် ဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ဆိုသည်။

“ ကျွန်တော်တို့ ဝန်ထမ်းတွေကို ကျန်းမာရေးဝန်ဆောင်မှု ပေးရတာတွေက COVID-19 ရောဂါကာလမှာ ပိုခက်ခဲလာတယ်။ ခက်ခဲလာတယ်ဆိုတဲ့အပိုင်း COVID-19 ကာကွယ်ရေးနဲ့ပတ်သက်ပြီး ပေးထားတာ လက်အိတ်၊ ကျန်တဲ့ ကာကွယ်ရေးအပိုင်းတွေ ပေးထားတာ ရှိတယ်။ အမှိုက်သိမ်းတဲ့အခါ နှာခေါင်းစည်း Mask တွေ ပါလာတော့ အဲဒါကိုတော့ သတိပေး၊ သတိထားနေရတာတွေရှိတယ်။ စည်ပင်ထဲမှာမှ သန့်ရှင်းရေးတွေက အဓိကအကျဆုံးလေ။ ကျွန်တော်တို့က ပိုးမကူးစက်ရေးကို မြို့နယ် တာဝန်ခံတွေက ကြီးကြပ်ပြီး လုပ်ပေးတယ်။ လုပ်ပေးတဲ့အခါကျတော့ ပထမပိုင်းကတော့ မကူးစက်ပေမဲ့ နောက်ပိုင်းမှာတော့ သန့်ရှင်းရေးဝန်ထမ်းအထိကို နည်းနည်းကူးစက်ခံရတဲ့ သဘောတွေပါ တွေ့တယ်။ တွေ့တဲ့အခါကျတော့ အရင်ထက်ကထက် ပိုလုပ်ပေးနေတယ်။ ဝန်ဆောင်မှုက ခါတိုင်းလုပ်ပေမဲ့ ခုပိုပြီးတော့ ဝန်ဆောင်မှု ထပ်ပေးတယ်။ ရပ်ကွက်တွေထဲကို အထူးသန့်ရှင်းရေးအနေနဲ့ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်နေတယ်” ဟု ဦးအောင်မျိုးလင်းက ပြောကြားသည်။

ရန်ကုန်မြို့တွင် သန့်ရှင်းရေး ဝန်ထမ်း ဦးရေ ၄၀၀၀ ဝန်းကျင်သည် အမှိုက်သိမ်းယာဉ်အစီး ၄၀၀ ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ကို ခရိုင်လေးခုခွဲ၍ အမှိုက်သိမ်းဆည်းသည့် လုပ်ငန်းများကို မနက်တစ်ကြိမ် ညတစ်ကြိမ် ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

(၃)

ရန်ကုန်မြို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်၍ တစ်ဖက်တစ်လမ်းမှ လျော့နည်းလာစေရန် နောက်ဖေးလမ်းကြား ဥယျာဉ်များ ပြုလုပ်လာကြသည်။

ယင်းနောက်ဖေးလမ်းကြား ဥယျာဉ်များကို ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်များတွင် ပြုလုပ်နေပြီး ပန်းဘဲတန်းမြို့နယ်တွင် နောက်ဖေးလမ်းကြား ဥယျာဉ်ခုနစ်ခုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

နောက်ဖေးလမ်းကြား ဥယျာဉ်လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နောက်ဖေးလမ်း ကြားဥယျာဉ် ပြုလုပ်ပြီးနောက်ပိုင်းတွင် နောက်ဖေးလမ်းကြားထဲသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု သိသိသာသာ လျော့ကျလာပြီး စနစ်တကျအမှိုက်စွန့်ပစ်လာမှုများတွေ့ရကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

“နောက်ဖေးလမ်းကြား ဥယျာဉ်တွေမှာ အမှိုက်ပစ်တဲ့နှုန်းတွေ အများကြီးလျှော့ချနိုင်တယ်လို့ ပြောလို့ရတယ်။ လျှော့ချနိုင်တယ် ဆိုတာက နောက်ဖေးလမ်းကြားကို အမှိုက်ပစ်တဲ့ ရာခိုင်နှုန်းပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီနောက်ဖေးလမ်းကြားတွေ ဥယျာဉ်တွေလိုမျိုး လုပ်ဆောင်တဲ့ ရည်ရွယ်ချက်ကိုက နောက်ဖေးလမ်းကြားတွေကို မဆင်မခြင် အမှိုက်တွေပစ်တဲ့ဟာကို လုံးလုံးမရှိတော့ အောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာပါ” ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

လက်ရှိတွင် နောက်ဖေးလမ်းကြား ဥယျာဉ်လုပ်ချင်သဖြင့် ဆက်သွယ်လာသည့် မြို့နယ်အများစု ရှိလာပြီဖြစ်ကြောင်း၊ ထိုသို့တင်ပြလာမှုအပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ NGO အဖွဲ့အစည်းများနှင့် မြို့နယ်၊ ရပ်ကွက်များမှ ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်ပြီး မြို့နယ်တိုင်းတွင် နောက်ဖေးလမ်းကြားဥယျာဉ် အနည်းဆုံးတစ်ခု သို့မဟုတ် နှစ်ခုရှိရန် လုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ပါက နောက်ဖေးလမ်းကြားများတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမရှိတော့ဘဲ စနစ်တကျ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများရှိလာပြီး သန့်ရှင်းသည့် ပတ်ဝန်းကျင်မျိုးဖြစ်လာမည်ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

“ နောက်ဖေးလမ်းကြားတွေမှာ ဘာတွေပါလာပြီလဲဆိုတော့ အမှိုက်အိမ်ဆိုတဲ့ ပရောဂျက်ထည့်ထားတာ ရှိတယ်။ အမှိုက်အိမ်ဆိုတာ သံဗီရိုလိုမျိုး။  ဗီရိုကြီးနဲ့ ဆောင်ရွက်တဲ့ဟာ။ အိမ်တွေကတွေထွက်တဲ့ မီးဖိုချောင်သုံး အမှိုက်တွေကို လက်ခံတဲ့ နေရာ။ အဲဒီထဲမှာ ပလတ်စတစ်တွေ ပါမလာစေရဘူး။ ကတ်ထူစက္ကူတွေ၊ အမာသားတွေ၊ သစ်သားတွေ၊ သံစတာတွေ အဲဒါတွေပါမလာစေရဘူး။ မီးဖိုချောင်ကထွက်တဲ့အရွက်တွေ၊ အရိုးတွေ ဘာတွေကို အမှိုက်အိမ်ကိုလာပို့။ ပို့ပေးဖို့အတွက်ကိုလည်း ဒီကနေ အိတ်တွေပေးလိုက်တယ်။ သူတို့ တွေလာပို့တာတွေကို ကျွန်တော်တို့ဆီမှာရှိတဲ့ ကမ်မီကယ် တစ်ခုနဲ့ သဘာဝမြေသြဇာပြန်လုပ်တဲ့ပုံစံမျိုး အလုံပိတ်ဘူးထဲကို ထည့်လိုက်ပြီးတော့ အဲဒါမျိုးနဲ့ ဆောင်ရွက်တယ်။ နောက်ကျတော့ သူက သဘာဝမြေသြဇာဖြစ်သွားတဲ့ ပုံစံမျိုး။ ဒါတွေကို စမ်းသပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူကို ပညာပေးရင်းနဲ့ မီးဖိုချောင်ထွက်တဲ့ အမှိုက်ကနေပြီးတော့ သစ်ပင်တွေ စိုက်တဲ့နေရာ၊ ပန်းဥယာဉ်စိုက်တဲ့ နေရာတွေမှာ သုံးလို့ရတယ်။ မြေသြဇာတွေ ဆောင်ရွက်လို့ရတယ်။ ပြန်ရောင်းလို့ရတယ်ဆိုတာမျိုးကို အသိပညာပေးချင်စိတ်လည်း ပါတယ်။ နောက်ဖေးမီးဖိုချောင်သုံး အမှိုက်တွေကို ပိုပြီးသန့်ရှင်းအောင်လည်း ပါတယ်။ ဒီလိုမျိုးတွေ ပညာပေးမှု စတင်ဆောင်ရွက်နေပါတယ်ပြီ” ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

နောက်ဖေးလမ်းကြားဥယျာဉ် လုပ်သည့် မြို့နယ်များတွင် နောက်ဖေးလမ်းကြားအမှိုက်စွန့်ပစ်မှုကို ဖြေရှင်းနိုင်သော်လည်း ကျန်မြို့နယ်များတွင် မဖြေရှင်းနိုင်သေးဘဲ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ကြုံတွေ့နေရဆဲဖြစ်သည်။

၂၀၁၆ ခုနှစ် သြဂုတ် ၁၅ ရက် မှစ၍ ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်များတွင် နောက်ဖေးလမ်းကြား အမှိုက်များကို ရှေးပြေးစီမံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း နောက်ဖေးလမ်းကြား အမှိုက်ပစ်ချမှုများ လက်ရှိကြုံတွေ့နေရဆဲဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးများကို တိုင်တန်းသော်လည်း ထူးခြားမှုမရှိဟု တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြားများတွင် အမှိုက်မပစ်ရန် ဥပဒေအရ တားမြစ်ထားသော်လည်း ယနေ့အချိန်အထိ အမှိုက်စွန့်ပစ်မှုများရှိနေသဖြင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။

(၄)

ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် လူနေအိမ်မရှိသည့် မြေကွက်လပ်များမှာ အမှိုက်စွန့်ပစ်ရာ နေရာ တစ်ခုကဲ့သို့ ဖြစ်နေပြီး အလွယ်တကူ စွန့်ပစ်နေကြသည်ကို တွေ့ရသည်။

လက်ရှိတွင် ဆေးရုံ၊ ဆေးခန်းသုံးပစ္စည်းများ၊ ပလတ်စတစ် အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖြေရှင်းနေကြသည်။

ပလတ်စတစ်အမှိုက်များ၊ သဘာဝအမှိုက်များ မီးရှို့ဖျက်ဆီးခြင်းသည် လေထုညစ်ညမ်းမှု ဖြစ်စေပြီး လူထု၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ဆိုသည်။

အမှိုက်များ မီးရှို့ဖျက်ဆီးခြင်းကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ညစ်ညမ်းနေသည့် လေထုကို ရေရှည်ရှူရှိုက်ပါက နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ဦးနှောက်၊ အာရုံကြောများကို ထိခိုက်နိုင်သည်ဟု  ဒေါက်တာသန်းစိန်က ပြောကြားသည်။

“ခုကာလမှာက ရောဂါကာကွယ်ရေးဖြစ်တဲ့ Mask တွေကလည်း တစ်နေ့ကို အခုပေါင်း ရာချီပစ်နေကြတယ်။ ပလတ်စတစ်ကလည်း တစ်ကမ္ဘာလုံးပြဿနာ ဖြစ်နေတယ်။ အထူးသဖြင့် ဒီပလတ်စတစ်က သူ့မီးရှို့ရင်တောင်မှပဲ ပလတ်စတစ်မှာရှိတဲ့ ကမ်မီကယ်တွေက လေထဲကိုထွက်ပြီး လေထုညစ်ညမ်းမှုဖြစ်ပြီး အဲဒီလေကို အသက်ရှုရတဲ့အခါ ဒုက္ခပေးတယ်။ ဒါကပလတ်စတစ်ပြဿနာ။ ဒါမှမဟုတ် မြေကြီးထဲမှာ ဒီအတိုင်းထားရင်ပဲ သူက မြေကြီးဖြစ်မသွားဘူး။ ရေထဲမှာရှိလည်း ဒီအတိုင်းပဲရှိတယ်။  ပျက်ပြယ်မသွားနိုင်ဘူး” ဟု ဒေါက်တာသန်းစိန်က ဆိုသည်။

(၅)

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က စည်ပင်သာယာဥပဒေသစ်ကို အသက်သွင်းခဲ့သည်။

ယင်းဥပဒေတွင် စည်းကမ်းမဲ့ အမှိုက်ပစ်မှုနှင့်ပတ်သက်၍ ဒဏ်ကြေးအဖြစ် ယခင်ကဲ့သို့ ဒဏ်ငွေ ၅၀၀ ကျပ်နှင့် ၁၀၀၀ ကျပ် မဟုတ်တော့ဘဲ အနည်းဆုံး ကျပ်သုံးသောင်းမှ တစ်သိန်းခန့်အထိတိုးမြှင့်ထားသည်။

ထို့ပြင် ဒုတိယအကြိမ် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ပါက ထောင်ဒဏ်အထိ ချမှတ်နိုင်သည့်ပြစ်ဒဏ်ကို ထည့်သွင်းထားကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ဒဏ်ငွေအပြင် ထောင်ဒဏ်ပါ ထည့်သွင်းရေးဆွဲထားသော ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေတွင် အသိပညာပေးခြင်းလုပ်ငန်းများကို သုံးလအထိလုပ်ဆောင်ရန် ထည့်သွင်းပြဋ္ဌာန်းထားကြောင်း သိရသည်။

ယင်းဥပဒေတွင် ပြစ်ဒဏ်အနေဖြင့် လမ်းပေါ်၌ထားရှိသည့် အမှိုက်ပုံးထဲသို့ အမှိုက်မစွန့်ပစ်ခြင်း၊ အမှိုက်ပုံးများကိုဖျက်ဆီးခြင်း၊ နေရာရွှေ့ပြောင်းခြင်းများပြုလုပ်ပါက ဒဏ်ငွေကျပ်သုံးသောင်းမှ ကျပ်သုံးသိန်းအထိချမှတ်ရန် ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် နောက်ဖေးလမ်းကြားတွင် အမှိုက်စွန့်ပစ်ခြင်း၊ နေအိမ်အပေါ်ထပ်မှနေ၍ အိမ်ရှေ့မျက်နှာစာများသို့ ညစ်ညမ်းစေသောအရာများ စွန့်ပစ်ခြင်းနှင့် အများပြည်သူ ထိခိုက်အောင် အညစ်အကြေးများ စွန့်ပစ်ခြင်း စသည်တို့ ကိုကျူးလွန်ပါက ထောင်ဒဏ် သုံးလ ချမှတ်ရမည်ဟု အဆိုပါဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် လမ်းဘေးစျေးသည်များအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသည့်နေရာများတွင် မရောင်းချပါက ပထမအကြိမ် ဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်တစ်သိန်းအထိလည်းကောင်း၊ ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ချမှတ်နိုင်ကြောင်း ပါရှိသည်။

လက်ရှိတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို တွေ့ရှိသော်လည်း စည်ပင်တရားရုံးအနေဖြင့် တရားစွဲဆိုမှုအပိုင်း၌ အားနည်းမှုများရှိနေသည်ကိုတွေ့ရကြောင်း ဦးသန်းနိုင်ဦးက ဆိုသည်။

(၆)

စွန့်ထုတ်လုပ်သည့်အမှိုက်များကို စနစ်တကျထိန်းသိမ်းသည့် နည်းဖြင့်စွန့်ပစ်ခြင်း၊ နည်းပညာများဖြင့် အမှိုက်များပြန်လည် အသုံးပြုနိုင်ရန် လုပ်ဆောင်ခြင်း စသည့် လုပ်ငန်းစဉ်များမှာ ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်မှသာ အမှိုက်ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်က ထောက်ပြသည်။

စွန့်ပစ်အမှိုက်နှင့်ပတ်သက်၍ စီမံခန့်ခွဲမှုပြုလုပ်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုအများအပြား လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်အခြေအနေတွင်မရှိကြောင်း မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းဖြစ်သည့် (ECO DEV) စတင်တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောကြားသည်။

“နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှု များများနဲ့ ဘီလျံနဲ့ချီပြီးလိုတာ။ တကယ်တမ်းပြောရရင် လက်ရှိက စွန့်ပစ်လိုက်တဲ့အမှိုက်တွေကလည်း ၂၀၁၈ ထိန်ပင်မီးလောင်တော့ တော်တော်လေးကို အခြေအနေဆိုးတယ်။  ပြည်သူလူထုအပေါ် ဒုက္ခရောက်တာပေါ့။ စွန့်ပစ်ထားတဲ့ အမှိုက်တွေကလည်း စနစ်တကျစွန့်ပစ်ထားတာ မဟုတ်ဘူး။ ဒီအတိုင်းပုံ ထားတဲ့အခါကျတော့ မြေအောက်ရေတွေထိခိုက်တာပေါ့။ တစ်ဖက်မှာ မီးရှို့တဲ့ Plan တော့ရှိ တယ်။ ဒါပေမဲ့ သူက ဘယ်လောက်အထိ စနစ်တကျ လုပ်နိုင်လဲ။ မီးရှို့တဲ့စနစ်ကတော့ လေထုကို ပြန်ညစ်နွမ်းစေတယ်။ ဒါကြောင့်မို့ အမှိုက်ကို စနစ်တကျ ပြန်ပြုပြင်ပြီးတော့ ပြန်ပြီး မြေသြဇာထုတ်တာတို့ အသုံးဝင်တဲ့ ပစ္စည်းတွေထုတ်တာတို့ Wave to Product အဲဒီလိုမျိုးပေါ့။ အဲဒီလို လုပ်ဖို့က စနစ်တစ်ခုလိုတယ်။ အဲဒီအတွက်က နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှရမယ်။ စည်ပင်သာယာက ဝင်တဲ့ဝင်ငွေနဲ့ လုပ်နေတဲ့ပုံစံက မနိုင်ဘူး။ နည်းပညာလည်း တော်တော်လေး လိုတယ်။ မြေအသုံးချမှုကလည်း လိုတယ်။ ဒါကိုတော့ အလျင်အမြန်လုပ်သင့်ပြီလို့ ထပ်လောင်းပြောလိုပါတယ်ဓ ဟု ဦးဝင်းမျိုးသူက ဆိုသည်။