ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစိုးရ၊ UECတို့က ဖြေရှင်းမှုမပြုခြင်းနှင့် တတိယအကြိမ်လွှတ်တော် ခေါ်ယူခြင်းအပါအဝင် တရားမဲ့ပြုကျင့်ခြင်းများကို လက်မခံဟုဆိုကာ သံဖြူဇရပ်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများက ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစိုးရ၊ UECတို့က ဖြေရှင်းမှုမပြုခြင်းနှင့် တတိယအကြိမ်လွှတ်တော် ခေါ်ယူခြင်းအပါအဝင် တရားမဲ့ပြုကျင့်ခြင်းများကို လက်မခံဟုဆိုကာ သံဖြူဇရပ်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများက ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်
ဇန်နဝါရီ ၂၃ ရက်က သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-VOT)
ဇန်နဝါရီ ၂၃ ရက်က သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-VOT)
Published 23 January 2021
ဘိုဘိုမြင့်

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့ကဖြေရှင်းခြင်းမရှိဘဲ တရားမဲ့ပြုကျင့်ခြင်းများကို လက်မခံဟုဆိုကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံဝန်းရံသူများက ဇန်နဝါရီ ၂၃ ရက်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမှန်တရားအစစ်အမှန်ဖြစ်စေရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များရှိကြောင်း၊ ယင်းအခြေအနေနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၊ အစိုးရ၊ UEC က ပွင့်လင်းမြင်သာစွာဖြင့် ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ သို့မှသာ စစ်မှန်သည့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်သည့် သဘောဖြစ်ကြောင်း၊ သို့သော်လည်း စစ်မှန်သည့် ဒီမိုကရေစီမဟုတ်သောသဘော၊ ပွင့်လင်းမြင်သာမှုမရှိသည့် သဘောများတွေ့နေရသဖြင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။

“UEC ၏ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တာပါ။ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမခေါ်ဘဲနဲ့ တတိယအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်တာ။ လုပ်ချင်ရာ လုပ်နေတာကို ကျွန်တော်တို့က လက်မခံတာ ဒါပဲ။ နောက်အခြားရှိသေးတယ်။ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ မဖြစ်ဘူး။ လွှတ်တော်ကဖြေရှင်းရမယ်။ ဒါမှမဟုတ်ရင် အစိုးရက ဖြေရှင်းရမယ်။ ဒါမှမဟုတ် UEC က ဖြေရှင်းရမယ်။ ဒါကို မဖြေရှင်းဘဲနဲ့ တရားမဲ့ပြုကျင့်တာကိုလက်မခံဘူး” ဟု ဦးစိုးနိုင်က ပြောကြားသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီနှင့် အခြားပါတီအချို့က စာချွန်တော်တင်ထားမှုအား ပြည်ထောင်စုတရားသူကြီးချုပ်အနေဖြင့် ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန်ဆုံးဖြတ်မည်ဆိုပါက အမှန်တရားကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ဦးစိုးနိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ခေါ်ယူတော့မည်ဖြစ်ကြောင်း၊ သို့သော်လည်း ပြဿနာကို မဖြေရှင်းဘဲ အစိုးရဖွဲ့မည်ဆိုပါက လက်မခံနိုင်ကြောင်း၊ လိုအပ်လာပါက ခရိုင်အဆင့်၊ ပြည်နယ်အဆင့် အင်အားသောင်းကျော်ပါဝင်မည့် ဆန္ဒပြပွဲများ ဖြစ်လာနိုင်လိမ့်မည်ဟု သုံးသပ်ရကြောင်း ဦးစိုးနိုင်က ဆိုသည်။

“ ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် နောက်ဆုံးအစည်းအဝေးကို ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ကျင်းပဖို့ တင်ပြလာတဲ့အတွက်ကို လွှတ်တော်အစည်းဝေး ကျင်းပပြုလုပ်သင့်တယ်လို့မြင်ပါတယ်။ အဲဒီလိုလုပ်မှပဲ ဖြစ်လာမယ့် ပြဿနာပေါင်းစုံကို ဖြေရှင်းသွားနိုင်မှာပါ။ အဲဒီလိုမလုပ်ဘဲနဲ့ တတိယအကြိမ်လွှတ်တော်ခေါ်ယူပြီးတော့ ပထမအကြိမ် အစည်းအဝေးလုပ်သွားမယ်ဆိုရင်တော့ ကန့်ကွက်မှုတွေ ဆက်ဖြစ်နိုင်တယ်လို့ မြင်ပါတယ်” ဟု ဦးစိုးနိုင်က ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံဝန်းရံသူ ၃၀ ခန့်က စာချွန်တော်လက်ခံမှု အမြန်ဆုံးကြားနာဆုံးဖြတ်ပေးရေး ဒို့အရေး၊ ပြည်ထောင်စုတရားသူကြီးချုပ် နိုင်ငံတော်ကို ကယ်တင်ပေးပါ၊ ပြည်ထောင်စု လွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး ဒို့အရေးအစရှိသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ဝန်းရံသူ ၂၀ ခန့်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် ဆန့်ကျင်ကြောင်း ပထမအကြိမ် ဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

 

Most Read

Most Recent