ရုရှားက မြန်မာအား Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် Orlan-10E မောင်းသူမဲ့ ဒရုန်းများ ရောင်းချပေးမည်

ရုရှားက မြန်မာအား Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် Orlan-10E မောင်းသူမဲ့ ဒရုန်းများ ရောင်းချပေးမည်
Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်တပ်ဆင်ထားသည့် မော်တော်ယာဉ်တစ်စီးအား တွေ့ရစဉ်(Photo:Tass)
Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်တပ်ဆင်ထားသည့် မော်တော်ယာဉ်တစ်စီးအား တွေ့ရစဉ်(Photo:Tass)
Published 23 January 2021
Ref: Reuters

ရုရှားနိုင်ငံသည် Pantsir-S1 လေကြောင်းကာကွယ်ရေးစနစ်၏ ဒုံးကျည်များနှင့် အမြောက်များ၊ Orlan-10E မောင်းသူမဲ့ဒရုန်းများနှင့် ရေဒါများကို ရောင်းချသွားမည်ဟု ရုရှားသတင်းအေဂျင်စီဖြစ်သည့် Tass တွင် ဇန်နဝါရီ ၂၂ ရက်၌ ဖော်ပြခဲ့သည်။

ယင်းကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးသည့်အခမ်းအနားကို မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် ရုရှားကာကွယ်ရေးဝန်ကြီး ဆယ်ဂေးရွိုင်ဂူနှင့် မြန်မာနိုင်ငံ၏   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တက်ရောက်ခဲ့သည်။

ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အဲလက်ဇန်းဒါး ဖိုမင်က ယင်းသဘောတူညီချက်ကို ရုရှားနိုင်ငံဘက်မှ လက်မှတ်ရေးထိုးခဲ့သည်။

၂၀၀၁ ခုနှစ်ကတည်းက ရုရှားနှင့် မြန်မာကြား တည်ငြိမ်စွာ တိုးတက်ဖြစ်ထွန်းနေသည့် စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဘက်အကျိုးဖြစ်ထွန်းမှုများ ရှိစေရန် တရားရေးနှင့် အခြေခံမူဘောင်များကို ထူထောင်ခဲ့ကြသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအား MiG-29 လေယာဉ်အစင်း ၃၀၊ Yakolev-130 တိုက်ပွဲဝင် လေ့ကျင့်ရေး ဂျက်လေယာဉ် ၁၂ စင်း၊ Mi-24 နှင့် Mi-35P ရဟတ်ယာဉ် ၁၀ စင်း၊ Pechora-2M လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ် ရှစ်ခု၊ ရေဒါများ၊ သံချပ်ကာကားများနှင့် အမြောက်အစိတ်အပိုင်းများကို ရောင်းချပေးခဲ့ပြီးဖြစ်သည်။

Sukhoi-30 SME လေယာဉ်ခြောက်စင်း ထောက်ပံ့မှုအတွက်လည်း သဘောတူညီချက်တွင် ထည့်သွင်းချုပ်ဆိုခဲ့ပြီး ယင်းလေယာဉ်များအနက် အချို့ကို ယခင်ကတည်းက ဖြန့်ချိပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စစ်ဘက်ဆိုင်ရာ အကြီးစား စစ်လက်နက်ပစ္စည်းများကို လေယာဉ်နှင့် သံချပ်ကာယာဉ်များ အပါအဝင် မြန်မာနိုင်ငံ၏ အထူးပူးတွဲစင်တာတွင် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်ဖွံ့ဖြိုးတိုးတက်မှုရရှိခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့များသည် အပြည်ပြည်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများနှင့် တိုက်ပွဲဝင် လေ့ကျင့်ခန်းများတွင် ပုံမှန်ပါဝင်လေ့ရှိသည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏ အချိုးကျပါဝင်ရသည့် တပ်ဖွဲ့သည် Kavkaz-2020 စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

ထို့ပြင် ၂၀၁၈ ခုနှစ်တွင် အစိုးရအချင်းချင်း သဘောတူညီချက်တစ်ခုချုပ်ဆိုခဲ့ပြီး ယင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံ၏ဆိပ်ကမ်းများသို့ ရုရှားရေတပ်သင်္ဘောများ လာရောက်မှုနှင့်ပတ်သက်ပြီး လွယ်ကူချောမွေ့စေမည့် လုပ်ငန်းစဉ်များကို ထည့်သွင်းချုပ်ဆိုခဲ့သည်။

မြန်မာ့တပ်မတော်သည် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် အခြားခေတ်မီစစ်လက်နက်စနစ်များကိုလည်း စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့သည်။

Most Read

Most Recent