ဖေဖော်ဝါရီ (၁၅) ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဘိလိယက်လူရွေးပွဲကို ကပ်ရောဂါကြောင့် ရွှေ့ဆိုင်း

ဖေဖော်ဝါရီ (၁၅) ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဘိလိယက်လူရွေးပွဲကို ကပ်ရောဂါကြောင့် ရွှေ့ဆိုင်း
၂၀၁၉ ဆီးဂိမ်းရွှေဆုရ ဘုန်းမြင့်ကျော် (Photos: Nyi Nyi Soe Nyunt)
၂၀၁၉ ဆီးဂိမ်းရွှေဆုရ ဘုန်းမြင့်ကျော် (Photos: Nyi Nyi Soe Nyunt)
Published 23 January 2021

ဖေဖော်ဝါရီ (၁၅) ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဘိလိယက်လူရွေးပွဲကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

    

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် နိုဝင်ဘာတွင်ကျင်းပမည့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် လူရွေးပွဲကျင်းပခြင်းဖြစ်ပြီး ဘိလိယက်ပြိုင်ပွဲအမျိုးအစားအပြင် စနူကာနှင့် Pool ပြိုင်ပွဲအမျိုးအစားများလည်း ထည့်သွင်းကျင်းပရန် စီစဉ်ထားသည်။ 

သို့သော် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်ဖြစ်ပွားနေသောကြောင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်အနေဖြင့် လူရွေးပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး ကျင်းပမည့်ရက်ကို ပြန်လည်ကြေညာသွားမည်ဖြစ်သည်။ 

"ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေကြောင့် ဖေဖော်ဝါရီ (၁၅) ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လူရွေးပွဲကို ရွှေ့ဆိုင်းလိုက်ပါပြီ။ ကျင်းပမယ့်ရက်ကို ပြန်ကြေညာပါ့မယ်။ စခန်းဝင်လေ့ကျင့်ဖို့ကတော့ လူရွေးပွဲကျင်းပပြီးမှပဲ စတင်နိုင်မှာပါ။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ်မူတည်ပြီး ပြုလုပ်ရမှာပါ"ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားသည်။

    

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် လူရွေးပွဲတွင် ဘိလိယက် အမျိုးသားပြိုင်ပွဲ၊ စနူကာအမျိုးသားပြိုင်ပွဲနှင့် Pool 9 Ball အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ 

ဗီယက်နမ် အိုလံပစ်ကော်မတီသည် ၂၀၂၁ ဆီးဂိမ်းစ် ပြိုင်ပွဲ၏ ဘိလိယက်အားကစားနည်းတွင် စနူကာ၊ Pool နှင့် Carom အားကစားနည်းများကိုပါ တစ်ပေါင်းတည်းကျင်းပမည်ဖြစ်ပြီး အမျိုးသားပွဲစဉ်(၈)ခုနှင့် အမျိုးသမီးပွဲစဉ်(၂)ခု ပါဝင်မည်ဖြစ်သည်။ 



ယင်းပြိုင်ပွဲတွင် ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ Pool 9 Ball တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ Pool 10 Ball တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ စနူကာတစ်ဦးချင်းပြိုင်ပွဲ၊ 6- Red တစ်ဦးချင်းပြိုင်ပွဲ၊ Carom 1 Cushion တစ်ဦးချင်းပြိုင်ပွဲ၊ 3 Cushion တစ်ဦးချင်းပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး မြန်မာဘိလိယက်အဖွဲ့အနေဖြင့် Carom ပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

    

မြန်မာဘိလိယက်အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ (၂)ခု၊ ငွေ (၁)ခု၊ ကြေး (၃)ခုရရှိခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် ဘိလိယက်၊ စနူကာနှင့် Pool အားကစားနည်း (၃)မျိုးစလုံးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့သည်။ 

မြန်မာဘိလိယက်အဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ် (၆)ခု ရရှိထားပြီး ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲမှ (၃)ခု၊ အသင်းလိုက်ပြိုင်ပွဲမှ (၁)ခု၊ Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲမှ တစ်ခု၊ နှစ်ယောက်တွဲပြိုင်ပွဲမှ တစ်ခု ရရှိထားခြင်းဖြစ်သည်။ ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲမှာ ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပြန်လည်ပါဝင်လာသည်။

Most Read

Most Recent