ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြု အနိုင်ရကိုယ်စားလှယ်များနှင့် ပါတီအကြား ရိုးရာအရ ကြက်ရိုးထိုး၍ ကတိကဝက်စာချုပ်ချုပ်ဆိုခြင်းကို ဇန်နဝါရီ ၂၂ ရက်တွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ပါတီ ရုံးတွင်ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ပါတီကနေတစ်ဆင့် ကိုယ်စားပြုတဲ့အနေအထားမျိုးပဲ။ ကျွန်တော်တို့လုပ်ထားတာပေါ့။ ဒါဘာလဲဆိုရင် ဒီပါတီရဲ့စည်းမျဉ်းစည်းကမ်းတွေ ပေါ်လစီတွေကို လေးစားလိုက်နာရမယ်။ နောက်ပြီးတော့မှ ဒီပါတီကနေ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကလည်း အနိုင်ရကိုယ်စားလှယ်တွေ ကနေပြီးတော့မှ သဘောတူလက်ခံကြောင်းဆိုပြီးတော့မှပေါ့လေ။ ပြောရမယ်ဆိုရင် ပါတီကို ကတိသစ္စာပြုပြီးဆိုတာနဲ့ ပြည်သူလူထုကို ကတိသစ္စာပြုတာနဲ့ တူတူပဲပေါ့။ ကျွန်တော်တို့ပါတီကလည်း လူထုကိုယ်စားပြုတယ်။ လူထုကလည်း ပါတီကို ယုံကြည်လက်ခံတာဖြစ်တဲ့အတွက် အဓိကက ကျွန်တော်တို့ ဦးတည်တာကတော့ ပြည်သူလူထုပေါ့။ ကိုယ့်မဲထည့်ခဲ့တဲ့ ပြည်သူလူထုတွေ မဲဆန္ဒရှင်တွေကိုသစ္စာခံတဲ့သဘောမျိုး စာချုပ်ချုပ်ဆိုရခြင်းဖြစ်ပါတယ်” ဟု KySDP ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်ကပြောကြားသည်။

အဆိုပါစာချုပ်မချုပ်ဆိုမီ ရိုးရာအရ ကြက်ရိုးထိုးဗေဒင်မေးမြန်းပြီး သစ္စာရည်အဖြစ် ရိုးရာခေါင်ရည်ကိုသောက်ပြီးနောက် စာချုပ်တွင် လက်မှတ်ရေးထိုးကြကြောင်း သိရသည်။
“ကြက်ရိုးကြည့်တာက အောင်တယ်ပေါ့။ လုပ်ငန်းအောင်မြင်မယ်ဆိုတာ ပြတယ်။ ဒါပေမဲ့ အတိုက်အခံနည်းနည်းရှိမယ်လို့ ပြတယ်။ ဒါက နိုင်ငံရေးလုပ်တယ်ဆိုတော့ အတိုက်အခံကရှိမှာပေါ့” ဟု ရိုးရာနတ်ဆရာက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်နီလူငယ်များက KySDP ပါတီကိုဝန်းရံကူညီခဲ့ပြီး ဒေသခံတိုင်းရင်းသား လူငယ်အများအပြား ထောက်ခံမှုရခဲ့သည် KySDP ပါတီသည် အမျိုးသားလွှတ်တော်သုံးနေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်သုံးနေရာအနိုင်ရှိခဲ့သည်။
KySDP ပါတီ ရွေးကောက်ပွဲကတိကဝတ်တွင် အချက်ငါးချက်ပါဝင်ပြီး ပြည်နယ်၏ အကျိုးကို တိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် လွှတ်တော်နှင့် အစိုးရဖြစ်စေရမည်သော ကတိကဝက်ကို ပေးထားကြောင်းသိရသည်။

ထို့ပြင် ပါတီမှ တိုင်းရင်းသားအရေးအရာများကို ပထမဦးစားပေးအဖြစ်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဆောင်ရွက်ရန်၊ ပြည်နယ်တွင်းအခက်အခဲ ပြဿနာများကိုဖြေရှင်းရန်စသည်ဖြင့် ပါတီမှ ဆောင်ရွက်သွားရန် ရေးဆွဲထားကြောင်း သိရသည်။















