လွန်ခဲ့တဲ နှစ် ၃၀ ကျော်လောက်က ဆရာကြီးဦးသုခ ဦးဆောင်ပြီး ပြာသိုလ်လပြည့်နေ့ကို “အမေများနေ့” ဟုဆိုကာ မျိုးစေ့ချပေးခဲ့ပါတယ်။ အေးချမ်းတဲ့ဆောင်းနဲ့ နွေးထွေးတဲ့အမေ့ရင်ခွင် အစပ်အဟပ် တည့်မှ တည့်။
မန္တလေးမြို့ (၃၅)လမ်းက ဦးလှသိန်း ဗိမာန်မှာ အမေများနေ့ကို စာပေဟောပွဲ ကျင်းပကြပြီး ဆရာကြီး ဦးသုခက သူ့အမေအကြောင်း အခြေတည်လို့ ဟောပြောပါတယ်။
ဟောပြောပွဲ စလျှင်စခြင်း “အမေ” လို့ ရင်ခေါင်းသံကြီးနဲ့ လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်တဲ့အသံကြီးက ပရိသတ်နှလုံးသားကို တစ်ခါတည်း ဆုပ်ကိုင်လွန်းနိုင်သွားတာမို့ ပရိသတ်မှာ ငြိမ်ကျမှင်တက် မိသွားကြပါတယ်။ သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ၊ စာရေးဆရာဆိုတော့ အမူအရာဟန်ပန် အပြောအဟော အာဝဇ္ဇန်းအပြင် လိုအပ်တဲ့ နေရာမှာ သီချင်းပါဆိုပြတော့ ဘယ်မကောင်း ရှိတော့မှာလဲ။ စာနာသူပရိသတ် နှလုံးသားကို တိုက်ရိုက် ထဲထဲဝင်ဝင် ထိတော့ပေါ့။
ဘဝပေးအခြေနေကြောင့် ခန္ဓာကိုယ်ရင်းပြီး ရှာဖွေကျွေးမွေးနေရတဲ့ အမေဖြစ်ဦးတော့ အမေဟာ အမေပါပဲ ဆိုတဲ့ ဆို့နစ်ရင့် နင့်ဖွယ်ရာတွေနဲ့ ကရုဏာရသ မြောက်လှစွာ အမေ့ဂုဏ်ရည်တွေကို တခမ်းတနား ဟောပါတယ်။
လောကမှာ သက်ရှိသတ္တဝါတွေ မတုံးသေးသမျှ အမေတွေဆိုတာ မပျောက်မပျက် ရှိနေကြရမှာပါ။ သားသမီးကို ချစ်ခင်မြတ်နိုး တတ်လို့၊ သားသမီးကို နို့ချိုတိုက်ကျွေးတတ်လို့ “အမေ” လို့ ဗုဒ္ဓစာပေမှာ ဆိုပါတယ်။ ရွှေမန်းရဲ့ ဗုဒ္ဓဝင်ဇာတ်ထုတ်မှာ သန္ဓေသား သယ်ဆောင်ထားကြတဲ့ မိခင်လောင်းများဟာ တစ်နေ့သုံးတန် မြေသုသာန်ကို မျက်စောင်းထိုး ကြတယ်လို့ ဆိုပါတယ်။
မြို့ပေါ်မှာ ပညာတတ်၊ အသိုင်းအဝိုင်းကောင်း၊ ဥစ္စာပေါများတဲ့ မိခင်လောင်းများအဖို့ မထောင်းတာလှပေမဲ့ ကျေးလက်က မပြည့်စုံတဲ့ မိခင်လောင်း အတွက်ကတော့ သားသမီး မွေးဖွားရခြင်းဟာ ဓမ္မတာဆိုပေမဲ့ မဟာစွန့်စားခန်းရယ်ပါ။
ကျုပ်ယခု ၆၁ နှစ်၊ အမေက ၈၉ နှစ်။ လွန်ခဲ့တဲ့နှစ် ၆၀ ကျော် ခေတ်ကာလ အခြေအနေအရ ရွာလက်သယ်နဲ့ ကိုယ့်အင်္ဂါခြေလက် ပြည့်စုံအောင် မွေးပေးလိုက်တဲ့ အမေကြောင့် ပလ္လင်ပေါ်တက်ပြီး တရားဟောနိုင်တာ။ အင်္ဂါခြေလက် ချို့ယွင်းနေလို့ကတော့ ဘယ်သူက ပလ္လင်ပေါ်တင်ကြမှာလဲ။ အမေ ကျေးဇူး ဤမျှနဲ့ပင် ကြီးမားလှပါလား ဆိုတာကို ကျုပ် အခါခါ စဉ်းစားမိပါရဲ့။
ကျုပ် ခုနစ်နှစ်သားမှာ အဖေဆုံးပါးသွားတော့ အမေက ၃၅ နှစ်ပဲ ရှိသေးတာ။ ခံတောင်းခြင်းပေါ်တင် ရွာတကာလှည့် စျေးရောင်း၊ ထန်းလျက်ချက်၊ ကောက်စိုက်၊ ကောက်သင်းကောက် စတဲ့တောင်သူ အလုပ်တွေထက် အရွယ်ရှိသေးတဲ့ မုဆိုးမအမေ၊ ပညာမတတ်တဲ့အမေ တစ်ပင်လဲ တစ်ပင် မထူဘဲနဲ့ အစွန်းအထင်းမရှိ၊ လူကဲ့ရဲ့ မခံရအောင်၊ သူ့ဘဝကို ဘယ်လို ထိန်းကျောင်းနိုင်ခဲ့တယ် ဆိုတာက အတော်စိတ်ဝင်းစားရာ၊ အမေ့သတ္တိက အလွန်ချီးကျူး စရာရယ်ပါ။
အမေက ဆေးလိပ်သောက်တော့ ကိုယ်က ဆရာကြီးလုပ်ပြီး အမေ့ကို ဆေးလိပ်သောက်ရင် ဘယ်လိုရောဂါတွေရမယ် ဘာညာ ပြောဖြစ်ပါရဲ့။ ဆေးလိပ်နဲ့ ဖြေဖျောက်ခဲ့ရတဲ့အမေရဲ့ တစ်ကိုယ်တည်း အထီးကျန်ညတွေကို ကိုယ်ကနားလည် မခံစားတတ်တာ အခုမှ ပြန်စဉ်းစားမိတော့ စိတ်မကောင်း။
ညနေ ၃ နာရီဆို ဇာတိရွာက အမေ့ထံ ဖုန်းဆက်ပါတယ်။ သူနေထိုင်ကောင်းဖို့ထက် ကိုယ်နေထိုင် ကောင်း/မကောင်း ဆိုတာကို ၈၉ နှစ် အမေက စိတ်ပူနေတာ။ ကာလက ရန်ကုန်နေသူကို စိတ်ပူရတဲ့ကာလ မဟုတ်လား။
မနေ့က ဖုန်းဆက်ရင်း မက်ဆင်ဂျာဗီဒီယိုကောမို့ သိပ်မလန်းလို့ အမေ နေကောင်းရဲ့လားဆိုတော့ ဇက်ကြောတက်တယ်၊ သိပ်မကောင်းချင်လို့ ဆေးမှူးနဲ့ ဆေးထိုးထားသတဲ့။ နောက်နေ့ကျတော့ လန်းနေလို့ နေကောင်းရဲ့လားဆိုတော့ ယနေ့တော့ တော်သားလို့ ပြောပါတယ်။
အမေတို့က တော်ရုံတန်ရုံ ဖြစ်လို့ကတော့ သိပ်ပြောလေ့ပြောထ မရှိကြ၊ အတူနေ သားနဲ့ချွေးမတွေက တောင်သူလုပ်ငန်းဆိုတော့ ပင်ပန်းကြတာသိလို့ အားနာကြတယ်လေ။ တောသူတောင်သားတွေရဲ့ ဓလေ့သဘာဝပါ။ ဒါကြောင့်ထင်ရဲ့ ရှေးလူကြီးတွေမှာ ရောဂါက သိပ်ကြာကြာဖြစ်လေ့ မရှိကြ။ ရောဂါကို သိပ်အလေးမထားကြတော့ ရောဂါက ကြာကြာနေဟန်မတူ။
အစားအသောက် ထွေလီကာလီ မစားတာ၊ လောဘနည်းတာ၊ သူတစ်ပါးပစ္စည်း မတရား မလိုချင်ကြတဲ့ ဖြောင့်မှန်ရှင်းသန့်တဲ့ စိတ်တွေကြောင့်လည်း အသက်ရှည်ကြတာ ဖြစ်မယ်ထင်ရဲ့။
လယ်ပြီးသွားလို့ စပါးဘယ်လောက်ရလဲ မေးတော့ ရက်တစ်ရာ မှော်ဘီမျိုးကငါးရာ ကျော်ရသတဲ့။ တောကွင်းကောက်ကြီး ငါးယောက်စိုက် (လေးဧကကျော်) က ငါးဆယ်လောက်တော့ ရမယ်တဲ့။ ကောက်ညင်းကရော ဆိုတော့ ၁၅ တင်း ရပါသတဲ့။
ဒီခေတ်က ခြွေလှေ့ဆိုတော့ ဟိုတုန်းကလို ကောက်နယ်၊ စပါးယပ်၊ စပါးလှေ့၊ ကောက်ရိုးသိမ်းဆိုတာ မရှိတော့ဘူး၊ တစ်ခါတည်းခြွေ၊ မှော်အမှိုက်သန့်စင်၊ ကျီထဲစပါးရောက်၊ ကောက်ရိုးပုံပေါ် ကောက်ရိုးတင် အပြီးအစီးတဲ့။ ခြွေလှေခက တစ်တင်း ၂၀၀ ကျပ်။ သန့်စင်ပြီး ကျီထဲသွတ်တာက တစ်တင်း ၂၀၀ တဲ့။ ရှေးကလို လူမပင်ပန်းတော့ဘူး၊ ပိုက်ဆံတော့ ကုန်တယ် ဦးဇင်းရေလို့ ပြောရှာပါတယ်။
ဇာတိညောင်စာရေးရွာ ညီမများဖြစ်ကြတဲ့ ဒေါ်မိုး၊ ဒေါ်နီတို့ ဟိုတစ်နေ့က လယ်ကြားငါး ငါးရံ့ခြောက် ပို့ပေးလိုက်တာကို အမေကသိပြီး သူမပို့ရလို့ စိတ်မကောင်းကြောင်း၊ “အမေက မိဘဆိုတော့ ပိုပြီး ပို့ချင်တာပေါ့ ဦးဇင်းရယ်၊ သူတို့က ပို့မှာကို မပြောကြဘူး” လို့ ဖုန်းဆက်ရင်းပြောပြီး ကျောင်းတိုက်သံဃာများ ကပ်လှူရန် ဒေသထွက် ရာသီစာ တမာချဉ်၊ မိမိအတွက် အသင့်ကြော်ရန် ကြက်သားပြုတ်နဲ့ လယ်ကြားငါး ဟမ်းမိတ် ငါးရံ့ခြောက်၊ သူနာပြုဆရာမ ဒေါ်စန်းမြင့်က သံဃာများကပ်ရန် ကိုင်းခရမ်းချဉ်သီး အမှည့်ချက်ရန်၊ ခရမ်းချဉ်အစိမ်း သုပ်စားရန်၊ ကိုင်းငရုတ်သီးပွ၊ ကြက်သားပြုတ်၊ ထန်းပင်မြစ်၊ ကြက်သွန်မိတ်၊ နံနံပင်စတာတွေတို့ကို ယနေ့ ပို့ပေးကြပါတယ်။
အမေက လွန်ခဲ့တဲ့ ၄၅ နှစ်လောက်ကတည်းက ကျုပ် စာသင်သားဘဝ၊ စာချဘုန်းကြီးဘဝ တစ်လျှောက်လုံး ဒေသရာသီစာတွေ မန္တလေး၊ ရန်ကုန် အရောက်ပို့ပေးပါတယ်။ ရွာမှာနေတဲ့သား ဦးဇင်းအကြီးက မြို့ အစားအစာနှစ်သက်၊ မြို့မှာနေတဲ့သား ဦးဇင်းအငယ်က တောစာကြိုက်တယ်လို့ အမေက အမြဲပြောနေကျ။
အမေက ကားစီးရင် တောက်(မူး)တတ် ပေမဲ့ သွားနိုင်လာနိုင်တုန်းက အခုလိုအချိန် ဆို ရန်ကုန်လာပြီး သူ့လယ်ကထွက်တဲ့ ရာသီ ပေါ် ကောင်းညှင်းပေါင်းနဲ့ ငါးခြောက်၊ အကြော်ကို ကျောင်းတိုက်သံဃာကုန် ကပ် ပါတယ်။
ကျုပ်တို့ငယ်စဉ်က အမေအမြဲ ပြော တယ်။ မိဘမစားရရင် နေပလေ့စေ၊ သားသမီးကိုတော့ စားစရာမရှိရင် မိဘဆိုတာ အန်ကျွေးချင်တာမျိုးတဲ့။
ဘုရားဟောဒေသနာမှာ နို့ရည်ဟာ အမေ့ခန္ဓာကိုယ်မှာ တသီးတသန့် မရှိဘူး၊ သားသမီးစို့လိုက်တဲ့အခါကျမှ နှလုံးသားက စီးဆင်းလာတဲ့အနီရောင်သွေးက အမေ့ မေတ္တာကြောင့် အဖြူရောင် နို့ရည်ဖြစ်တာတဲ့။
သားသမီးအပေါ်ထားတဲ့ မိဘမေတ္တာ ရဲ့ ကျယ်ပြန့်ခြင်းနဲ့ နှိုင်းယှဉ်လျှင် မဟာပထဝီ မြေကြီးက ၀ါးရွက်လောက်။ အနက်ရှိုင်းဆုံးနဲ့ ဆိုရင် သမုဒ္ဒရာအနက်ဟာ နွားခြေရာခွက် လောက်။ အမြင့်နဲ့ဆိုရင် မြင်းမိုရ်တောင်ရဲ့ အမြင့်ဟာ နွားဦးချိုလောက်သာတဲ့။
ကျုပ်တို့ရွာ ညောင်စာရေးက မိုးနဲ့ ဆောင်းဆို ရာသီစာပေါလှပါတယ်။ အခုလို ဆောင်းကာလဆို ဧရာဝတီမြစ်ရေက ကျသွားပြီးမို့ ရွာရဲ့အနောက်ဘက် မြေနုကျွန်းမှာ မြေပဲ၊ ခရမ်းချဉ်၊ ကြက်သွန်မိတ်၊ ပျောင်း၊ နေကြာ၊ ဆေးရွက်ကြီး၊ ပဲထောပတ်၊ ပဲနီ စိုက်ကြပါတယ်။
ရွာရဲ့အရှေ့ဘက်မှာ လယ်ကွင်းတွေ က မိုးဦးကျမှာ စိုက်ပျိုးပြီး တန်ဆောင်မုန်း၊ နတ်တော်ဆို လယ်သိမ်းကြပါတယ်။ လယ် များအထက်မှာတော့ ကုန်းလို့ခေါ်တဲ့ တောင်ယာတွေ လုပ်ကြပါတယ်။ ဧရာဝတီမြစ်က ရေချိုငါး၊ ပုစွန်၊ ကိုင်း၊ (မြေနုကျွန်း) လယ်နဲ့ တောင်ယာမှထွက်တဲ့ရာသီစာ သားငါး၊ သီး နှံတွေက သူရာသီနဲ့သူ လတ်လတ်ဆတ်ဆတ် နဲ့ ရွာကိုအငတ်မထားပါ။ မြေနုကျွန်းနဲ့ လယ် တွေက မျှော်တခေါ် ရှုမျှော်မဆုံးတော့သည့် စိမ်းလဲ့လဲ့ ကမ္ဗလာအခင်းကြီးသဖွယ်။
လွန်ခဲ့တဲ့ ၁၃၃၆ ခုနှစ်၊ တန်ခူးလမှာ အမေ့လယ်ကထွက်တဲ့ စပါးတင်း ၂၀၀ လောက်ရောင်းရငွေနဲ့ ရွာကရင်းနှီးတဲ့ ဒကာ ဒကာမတွေ လှူတဲ့ ၅-ကျပ်၊ ၁၀၊ ဆရာဘုန်း ကြီးစွန့်လိုက်တဲ့ငွေစလေး ကျစ်ကျစ်ထုပ်လို့ စာသင်ထွက်ရတာကို မှတ်မိပါသေးရဲ့။
ကျုပ်တို့ခေတ်က ရွာမှ ဒကာဒကာမ တွေက ငါးကျပ်၊ တစ်ဆယ်လောက်ပဲ လှူနိုင် ကြတာ။ ကြာကြာခံမယ့် ဒေသအစားအစာ တွေသယ်ပိုးလို့ ထွက်တော်မူရွာမှခွာခဲ့တယ် လို့ဆိုရမှာ။ ကိုရင်ပေါက်စတစ်ပါးအတွက် တော့ ဧရာမစွန့်စားခန်းကြီး။ ရွာနဲ့နီးတဲ့ပြည် မြို့မဟုတ်၊ မန္တလေး အမရပူရ မဟာဂန္ဓာရုံ ဆိုတော့ အဝေးကြီးရယ်ပါ။
ဇာတ်တော်တွေထဲက ရှင်ဘုရင့်သား တွေ၊ သူဌေးသူကြွယ်သားတွေ တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ အဋ္ဌာရသ ၁၈ ရပ်သင်ရန် ထွက်တော်မူ နန်းမှခွာသလို မျိုးတော့ ဘယ်ခမ်းနားမှာလဲ။ စာပလွေထမ်းလို့ ညောင်ညိုပင်လမ်းခွဲမှ မြန်းခဲ့သလိုမျိုး လည်း မဟုတ်၊ ရွာမှထွက်တဲ့ ချက်ပလက် ကားအိုကြီးစီးပြီး အထုပ်အပိုးနဲ့ ထွက်ခဲ့ရတာပေါ့။
အမေကတော့ ပခုံးပေါ်က ပုဆိုးစလေး နဲ့ မျက်ရည်သုတ်လို့။ မှာတမ်းေ>ခလို့ မပြီး ရယ်ပေါ့။ ကားအိုးကြီး တလိမ့်လိမ့်ထွက်ခွာလို့ လာခဲ့တာ အခုဆို ဇာတိ ညောင်စာရေးနဲ့ ခွဲခဲ့ရတာ ၄၅ နှစ်ရှိပြီ။ ကျုပ်တို့ခေတ် တော သားတွေ ယခုလို့ ထိုင်း၊ မလေး၊ စင်ကာပူ၊ တရုပ်ကြယ်ခေါင်၊ ဂျပန်၊ သင်္ဘောသားသွား ရဖို့ နေနေသာသာ ရွာနဲ့နီးတဲ့ပြည်မြို့တောင် သွားပြီး အလုပ်လုပ်သူမရှိကြသေး။ ကိုရင် ဝတ်ကြပြီး မြို့စာသင်တက်ပါမှ မြို့ပေါ်မှာ နေနိုင်တာ။ အခုတော့ မြိုတွေပေါ်နဲ့ နိုင်ငံရပ် ခြားတိုင်းပြည်များသို့ အလျှိုအလျှိုကိုယ်စီ အလုပ်တွေ ထွက်လုပ်ကြပြီမို့ ရွာမှာ ကာလသား၊ ကာလသမီးတွေလည်း မရှိကြတော့။ မြို့စာသင်တက်ဖို့ နေနေသာသာ ရွာဘုန်း ကြီးကျောင်းမှာပင် ကိုရင်၊ ကျောင်းသား မရှိ။ ခေတ်ကာလရဲ့ ပြောင်းလဲခြင်းကို မည်သူမျှ ဟန့်တားလို့ မရနိုင်ကောင်း။
ခေတ်တွေ မည်သို့ပင် ပြောင်းလဲပါစေ မိဘများရဲ့ သားမီးတွေအပေါ်ထားတဲ့ သန့်စင်တဲ့ မေတ္တာတွေကတော့ တစ်သမတ်တည်း၊ တစ်ဖြောင့်တည်းမို့ အမေဆိုတာ “ဘယ်တော့မှ မခန်းခြောက်တဲ့ စီးဆင်းမြဲ မြစ်တစ်စင်း” လို့ ဆိုက လွန်အ့ံမထင်။