COVID-19 ကြောင့် စီးပွားရေးနှေးကွေးမှုအား ပြန်လည်နှိုးဆွနိုင်ရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကောက်ခံခြင်းကို ဇန်နဝါရီ ၃၁ ရက်အထိ ဆက်လက်ကင်းလွတ်ခွင့်ပြု

COVID-19 ကြောင့် စီးပွားရေးနှေးကွေးမှုအား ပြန်လည်နှိုးဆွနိုင်ရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကောက်ခံခြင်းကို ဇန်နဝါရီ ၃၁ ရက်အထိ ဆက်လက်ကင်းလွတ်ခွင့်ပြု
ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 21 January 2021
စည်သူအောင်

COVID-19 ကြောင့် စီးပွားရေးနှေး ကွေးမှုကို ပြန်လည်နှိုးဆွနိုင်ရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကောက်ခံခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဆက်လက်ကင်းလွတ်ခွင့် ပြုခဲ့ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၃/ ၂၀၂၁) ဖြင့် ထုတ်ပြန်ထားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-ခ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု လျော့နည်းသက်သာစေရေးအတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်ကောက်ခံခြင်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၀ ပြည့် နှစ် မတ် ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၂၀ ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၃/ ၂၀၂၀ ဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုး၍ ကင်းလွတ်ခွင့်ပြုပေးခဲ့သည်။

ယခုအခါ COVID-19 ရောဂါကြောင့် သက်ရောက်နေသည့် စီးပွားရေးနှေးကွေးမှုကို ပြန်လည်နှိုးဆွနိုင်စေရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကောက်ခံခြင်းအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာရေးအတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကောက်ခံခြင်း ကင်းလွတ်ခွင့်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ဆုံးပတ်တွင် စတင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းမှ ပြည်ပသို့ဖြစ်စေ၊ ပြည်ပမှ ပြည်တွင်းသို့ဖြစ်စေ ကုန်စည်များတင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုသည့်အခါ ယင်းကုန်စည်များအတွက် ဝင်ငွေနှစ်အတွင်း ကြိုတင်ခွန်ကောက်ခံမည့်နှုန်းထားနှင့် နည်းလမ်းများကို ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဧပြီ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၉ ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သည်။

ယခုအခါ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဧပြီ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၉ ပါ ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကောက်ခံခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှစ၍ ကင်းလွတ်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သက်တမ်းဆက်လက်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။                                      

 

Most Read

Most Recent