ချင်းပြည်နယ်မှ NLD ပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခံရ

ချင်းပြည်နယ်မှ NLD ပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခံရ
Published 19 January 2021
ဉာဏ်လင်းထွန်း

ပလက်ဝမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှ NLD ပါတီအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ကန့်ကွက်လွှာ တင်သွင်းခံထားရကြောင်း ယင်းပါတီ၏ ချင်းပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီမှ သိရသည်။

“ကျွန်တော်တို့ကသူတို့ စွပ်စွဲတဲ့သူတွေ ကန့်ကွက်တဲ့သူတွေရဲ့ စွပ်စွဲချက်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ သက်သေအထောက်အထားတွေနဲ့ စနစ်တကျ ပြန်လည်ခုခံချေဖျက်မယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ချင်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရကိုယ်စားလှယ် ဦးစိန်အောင်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းက ကန့်ကွက်ပြီး ဖလမ်းမြို့နယ်   ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရကိုယ်စားလှယ် ဒေါက်တာဆလိုင်းရီယန်ဗဲလ်ကို တပ်မတော်သားမဲဆန္ဒရှင်များက ကန့်ကွက်ခြင်းဖြစ်ကြောင်း ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ကိုယ်စားလှယ် နှစ်ဦးကန့်ကွက်ခံရသည့် အကြောင်းရင်းကိုမူ ကာယကံရှင် မဟုတ်၍ ဖြေကြားလိုခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“ရွေးကောက်ပွဲ တရားမျှတမှုနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ အဲဒါနဲ့ပတ်သက်ပြီးတော့  စိတ်တိုင်းမကျလို့ပေါ့ဗျာ” ဟု ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

NLD ပါတီမှ ပလက်ဝမြို့နယ်တွင် အနိုင်ရကိုယ်စားလှယ် ဦးစိန်အောင်ကို ကန့်ကွက်မှုနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လညး် ဆက်သွယ်မရ၍ သီးခြားမှတ်ချက်မရခဲ့ပေ။

ဦးစိန်အောင်သည် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းကို ၂၀၃ မဲအသာဖြင့် အနိုင်ခဲ့ပြီး ဖလမ်းမြို့နယ်မှ ဒေါက်တာ ဆလိုင်းရီယန်ဗဲလ်မှာ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းကို ၉၃၅၇ မဲအသာဖြင့် အနိုင်ရခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ် စားလှယ်များ ကန့်ကွက်ခံရမှုတွင် မည်သို့ဆောင်ရွက်ရမည်ကို ပါတီဗဟိုမှ လမ်းညွှန်ချက်ရှိထားပြီးအဆိုပါ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဟု NLD ပါတီချင်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

Most Read

Most Recent