အင်တာနက်လိုင်း 4G အဆင့် ပြန်လည်ဖွင့်ပေးရေး ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

အင်တာနက်လိုင်း 4G အဆင့် ပြန်လည်ဖွင့်ပေးရေး ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
Published 19 January 2021

သတင်းအချက်အလက်များ တိကျမြန်ဆန်ရေး၊ အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် အင်တာနက်လိုင်း 4G အဆင့် ပြန်လည်ဖွင့်ပေးရေး ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ဇန်နဝါရီ ၁၉ ရက်ကကျင်းပသည့်  ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအဆိုကို ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်၊ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ကျောက်တော်မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က အဆိုတင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ အဆိုရှင် ဦးမောင်သန်းစိန်က “အခုဆိုရင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ ရောက်ရှိနေတာ ၁၀ နှစ်ရှိပြီ ဖြစ်တယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကနေ ဘင်္ဂါလီပြဿနာဟာလည်း မဖြေရှင်းနိုင်သေးသလို အခုအချိန်မှာ AA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး ပြည်သူတွေ အသက်အိုးအိမ် မလုံခြုံတဲ့အပြင် အိုးမဲ့အိမ်မဲ့နဲ့ ဖြစ်နေချိန် ကိုဗစ်ကလည်း ဖြစ်လာတယ်။ ကျောင်းသား လူငယ်တွေအတွက် စာသင်ကျောင်းတွေ ပိတ်ထားရတယ်။ အဲဒီအချိန်မှာ ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်က အင်တာနက် 4G Network ကို ပိတ်လိုက်တာဟာ ဒီမိုကရေအစိုးရလို့ ခေါ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ရခိုင်ပြည်သူတွေကို အမုန်းတရားထားကာ လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို တွန်းပို့လိုက်သလို ဖြစ်နေပါတယ်။ အခုဆိုရင် တစ်နှစ်နဲ့ ခုနစ်လရှိပြီ ဖြစ်တယ်။ အခုအချိန်မှာ အပစ်အခတ် ရပ်စဲထားတာကြောင့် ငြိမ်းချမ်းရေး ရောင်နီသန်းနေပြီဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသားလူငယ်တွေကလည်း Online သင်ခန်း စာတွေကို အချိန်နဲ့တစ်ပြေးညီ သင်ယူနိုင်ဖို့ လိုပါတယ်။ သတင်းအချက်တွေကိုလည်း တိကျမြန်ဆန်စေရေးနဲ့ အချိန်နဲ့တစ်ပြေးညီ ပြည်သူတွေ သိရှိဖို့လိုပါတယ်။ ဒါကြောင့် ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုရှင် ဦးမောင်သန်းစိန်၏ အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့သည်။

လက်ရှိအစိုးရသည် ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒကို အလေးထား ဆောင်ရွက်ရန် လိုအပ်သလို လွှတ်တော်၏ တိုက်တွန်းချက်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။

“အစိုးရဆိုတာဟာ ပြည်သူတွေရဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ဆန္ဒကို အလေးထားဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာဆိုရင် အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်တွေမှာ အင်မတန်မှ အခက်အခဲတွေရှိခဲ့ပါတယ်။ သတင်းအချက်အလက်မရတဲ့အတွက် ပြည်သူတချို့ဟာ ကိုဗစ်ကိုကြောက်ရကောင်းမှန်းတောင် မသိဘူးဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ပြည်သူတွေရဲ့အသံကို နားထောင်စေချင်ပါတယ်။ ဒီမိုကရေစီဆိုပြီး ကြွေးကြော်ရုံလောက်နဲ့ ဒီမိုကရေစီဖြစ်မလာနိုင်ပါဘူး” ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆွေးနွေးပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မြောက်ပိုင်းမြို့နယ်များတွင် အင်တာနက်လိုင်း 2G အဆင့်သာရရှိပြီး 4G မရရှိသဖြင့် အင်တာနက်သုံးစွဲရာတွင် အခက်အခဲဖြစ်နေကြောင်း၊ လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း ကိုဗစ်ကာလအတွင်း သတင်းအချက်များနှင့် အွန်လိုင်းအစည်းအဝေးများ၊ တွေ့ဆုံပွဲများတွင် ပါဝင်နိုင်ခြင်းမရှိသဖြင့် ဆုံးရှုံးနစ်နာမှုများစွာကို ရင်ဆိုင်နေကြရကြောင်း ပေါက်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ဆွေးနွေးရာတွင် ပြောကြားသည်။

“ကမ္ဘာ့နိုင်ငံတွေမှာဆိုရင် ကျေးလက်ပါမကျန် အင်တာနက်ပေးထားတယ်။ အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ E-Government လုပ်ဖို့လည်း ပြောနေတယ်။ အင်တာနက် ဖြတ်တောက်တာဟာ မလုပ်သင့်တဲ့အလုပ် ဖြစ်တယ်၊ အရင်ခေတ်တွေဆီကို နောက်ပြန်ဆုတ်သွားသလိုဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဒီမိုကရေစီ ရောင်နီသန်းတဲ့စကားလုံး ဆိတ်သုန်းသွားပြီလို့ ပြောလို့ရပါတယ်။ အစိုးရအနေနဲ့ ရခိုင်လူထုအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုကြီးတစ်ခုလို ဖြစ်နေပါတယ်။ သတ်ဖြတ်၊ မုဒိမ်းကျင့်ခံရမှုတွေဟာလည်း ဒီအင်တာနက်ပိတ်ထားတာကြောင့် ဖြစ်တယ်။ လူ့အခွင့်အရေးကော်မရှင်ကိုယ်တိုင်က ဘာတစ်ခုမှမပြောတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို အားပေးအားမြောက် ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့လည်း သီးခြားလွတ်လပ်တဲ့ အဖွဲ့တစ်ခုဖွဲ့ နိုင်ဖို့လည်း တိုက်တွန်းအကြံပြုချင်ပါတယ်” ဟု ပေါက်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောကြားခဲ့သည်။

ထို့အတူ ရမ်းဗြဲမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကလည်း အင်တာနက်ကွန်ရက်ပေါ်တွင် အခြေခံပြီး လူမှုဘဝများကို ရှင်သန်လှုပ်ရှား လေ့လာနေကြရကြောင်း၊ သိချင်သည်များကိုလည်း အင်တာနက်ဖြင့် ရှာဖွေနိုင်ကြောင်း၊ စျေးရောင်းစျေးဝယ်၊ ငွေသွင်းငွေထုတ်ကိစ္စ ရပ်များသည်လည်း အင်တာနက်ရှိမှ အဆင်ပြေမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော် အဆုံးအဖြတ်ကိုရယူရန် လွှတ်တော်သို့ မေးမြန်းခဲ့ရာတွင် ကန့်ကွက်သူမရှိသဖြင့် ယင်းအဆိုကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော်၌ ကြေညာခဲ့သည်။

Most Read

Most Recent