ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း၏ လစ်လပ်သွားသော Developer နေရာအတွက် စိတ်ဝင်စား၍ ကမ်းလှမ်းမှုများရှိသော်လည်း တင်ဒါအသစ်ခေါ်ယူရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း၏ လစ်လပ်သွားသော Developer နေရာအတွက် စိတ်ဝင်စား၍ ကမ်းလှမ်းမှုများရှိသော်လည်း တင်ဒါအသစ်ခေါ်ယူရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား
မြန်မာ-ဂျပန်-ထိုင်း သုံးနိုင်ငံ Working Level အစည်းအဝေးတစ်ခုကို တွေ့ရစဉ်(Photo-Dawei SEZ)
မြန်မာ-ဂျပန်-ထိုင်း သုံးနိုင်ငံ Working Level အစည်းအဝေးတစ်ခုကို တွေ့ရစဉ်(Photo-Dawei SEZ)
Published 19 January 2021
နီလာ

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း၏ လစ်လပ်သွားသော စီမံကိန်း ရင်းနှီးတည်ဆောက်ခွင့် ရရှိသည့်ကုမ္ပဏီ (Developer) နေရာအတွက် စိတ်ဝင်စား၍ ကမ်းလှမ်းမှုများရှိသော်လည်း တင်ဒါအသစ် ခေါ်ယူရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း  ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်းလုပ်ငန်း ကိုးခုအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ချုပ်ဆို ထားသော စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်များအားလုံးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်သည်။

“ အီတာလျံ-ထိုင်းနဲ့ပတ်သက်ပြီး စာချုပ် ရပ်ဆိုင်းလိုက်ပြီးတဲ့နောက်မှာ ကနဦး စီမံကိန်းဧရိယာနဲ့ပတ်သက်ပြီး မည်သည့် Developer နဲ့မှ ဆွေးနွေးနေခြင်း လတ်တလောလုံးဝမရှိသေးပါဘူး။ သို့ရာတွင် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အဲဒီဟာကို စိတ်ဝင်စားတယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေကတော့ ယခင်ကတည်းက ရှိနေတာဖြစ်ပါတယ်” ဟု  ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီအနေဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် အကြိမ်ကြိမ်နှောင့်နှေးကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ တာဝန်များ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေအထောက်အထား မတင်ပြနိုင်ခြင်းစသည့် စွမ်းဆောင်ရည် အားနည်းချက်များကြောင့် ကော်မတီအနေဖြင့် Developer ကုမ္ပဏီ၏ စွမ်းဆာင်ရည်များအပေါ် ယုံကြည်မှုများ ပျောက်ဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

“ ကျွန်တော်တို့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အခုရပ်ဆိုင်းလိုက်တဲ့အခြေအနေ အခုမှစမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်မယ့်ကိစ္စလေးတွေ ရှိပါတယ်။ ဒီအတွက်ကြောင့် ဒီဧရိယာနဲ့ ပတ်သက်ပြီး  တင်ဒါအသစ်ခေါ်ဆိုရန် လတ်တလောစီစဉ်မှု မထားသေးပါဘူး” ဟု ဒေါက်တာထွန်းနိုင်က ဆက်လက်ပြောကြားသည်။

မြန်မာဘက်မှ စာချုပ်များရပ်ဆိုင်းခဲ့သည့်အတွက် အီတာလျံ-ထိုင်းဘက်က ဥပဒေနှင့်အညီ ရင်ဆိုင်သွားမည်ဟု ကုမ္ပဏီက ပြောဆိုမှုများ ရှိလာသည်ဟု သိရသည်။

“ အီတာလျံ-ထိုင်းက ဥပဒေကြောင်းအရ ရင်ဆိုင်လာမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ရင်ကတော့ ကျွန်တော်တို့ ဖြစ်စဉ်ဖြစ်ရပ်တိုင်း အားလုံးကို မှန်မှန်ကန်ကန်မျှမျှတတ ပြန်လည်ဖြေရှင်းရမယ့်အနေအထား ဖြစ်ပါတယ်။ ဒါကတော့ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ဒီအနေအထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီအတွက်လိုအပ်လာရင် လိုအပ်သလို ကျွန်တော်တို့က ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အီတာလျံ-ထိုင်းကုမ္ပဏီကို အကယ်၍ လျော်ကြေးပေးရခဲ့သည် ရှိသော် စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအရ မြန်မာအစိုးရက ပေးဆောင်ရမယ့် တာဝန်ယူရမယ်လို့ သတ်မှတ်ထားတာမဟုတ်ပါဘူး။ ဒီအီတာလျံ-ထိုင်းကုမ္ပဏီ ဆောင်ရွက်မယ့်ကနဦး စီမံကိန်းဧရိယာက နောက်ထပ် Developer အသစ် အစားထိုးဝင်ရောက်လာခဲ့ရင် အီတာလျံ-ထိုင်းကုမ္ပဏီအတွက် ပေးရန် ပေးသင့်ပေးထိုက်တဲ့ လျော်ကြေးဆိုတဲ့ တစ်စုံတစ်ရာကို ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ဆိုသည်။

Most Read

Most Recent