တိုင်းရင်းသားပါတီများ၏ တင်ပြတောင်းဆိုချက်အပေါ် ပါတီကိုယ်စားလှယ် သုံးဦးတည်းဖြင့် ချက်ချင်းအဖြေပေးရန် မသင့်လျော်ကြောင်းကို နိုင်ငံရေးနားလည်သူတိုင်း သိနိုင်ဟု ဝေဖန်မှုများနှင့်ပတ်သက်၍ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တုံ့ပြန်

တိုင်းရင်းသားပါတီများ၏ တင်ပြတောင်းဆိုချက်အပေါ် ပါတီကိုယ်စားလှယ် သုံးဦးတည်းဖြင့် ချက်ချင်းအဖြေပေးရန် မသင့်လျော်ကြောင်းကို နိုင်ငံရေးနားလည်သူတိုင်း သိနိုင်ဟု ဝေဖန်မှုများနှင့်ပတ်သက်၍ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တုံ့ပြန်
Published 17 January 2021
ဉာဏ်လင်းထွန်း

တိုင်းရင်းသားပါတီများ၏ တင်ပြတောင်းဆိုချက်များအပေါ် ပါတီကိုယ်စားပြု ကိုယ်စားလှယ်သုံးဦးတည်းဖြင့် ချက်ချင်းအဖြေပေးရန်မှာ မည်သို့မှ မသင့်လျော်ကြောင်းကို နိုင်ငံရေးနားလည်သူတိုင်း သိနိုင်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် သုံးဦးပါ ကိုယ် စားလှယ်အဖွဲ့ အနေဖြင့် တိုင်းရင်းသားပါတီ များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဆုံးဖြတ်ပိုင် ခွင့် မရှိကြောင်း ဝေဖန်မှုများနှင့် ပတ်သက်၍ ဒေါက်တာမျိုးညွန့်က တုံ့ပြန် ရှင်းလင်းခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ပိုကြီးမားတဲ့ ရည်ရွယ် ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုအတွက်  ရည်မှန်းချက်တွေ သူတို့ လိုချင်တဲ့ ပုံစံအနေအထားတွေကို ဆွေးနွေးတဲ့အခါမှာလည်း သုံးဦးတည်းနဲ့ ဘယ်လိုမှ ဆုံးဖြတ်ချက် ချလို့မရပါဘူး။ ဘာလို့ဆို အကြောင်းအရာက ကြီးမားလွန်းလို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ‘၀’ ဒေသခံ ပါတီတစ်ခုက တင်ပြတယ်။ ‘၀’ ကို ပြည်နယ်တစ်ခု ပေးပါဆိုတဲ့ ကိစ္စမျိုးဟာ ဒီသုံးဦးနဲ့ ဘယ်လိုမှ ဆုံးဖြတ်လို့ ဖြစ်လည်းမဖြစ်နိုင်ဘူး။ သင့် လည်း မသင့်တော်ဘူးဆိုတာကို  နိုင်ငံရေး နားလည်သူတိုင်း သိနိုင်ပါတယ်” ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက် တာ မျိုးညွန့်က The Daily Eleven သတင်း စာသို့ ပြောကြားသည်။

NLD ပါတီ ကိုယ်စားပြု ဒေါက်တာ အောင်မိုးညိုနှင့်အဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်း သားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း ‘၀’ အမျိုးသားပါတီက ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းကို  ပြည်နယ်အ ဆင့် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုခဲ့သလို တိုင်းရင်းသား ပါတီအချို့က ပြည်ထောင်စုနှင့် ပြည်နယ် အဆင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့တွင် ပါဝင်လိုကြောင်း တင်ပြဆွေးနွေးမှုများ ရှိခဲ့ သည်။

‘‘ခုနလို အစိုးရအဖွဲ့ လွှတ်တော်မှာ အရေးကြီး တာဝန် ထမ်းဆောင်ဖို့ဆိုရင် ဒေသခံတိုင်းရင်းသားပါတီတစ်ခု သို့မဟုတ် အချို့က တင်ပြတာနဲ့ ဘယ်လိုမှ တန်းပြီး တော့ ဆုံးဖြတ်လို့ မရပါဘူး။ ကျွန်တော်တို့ ပါတီမှာရော၊ နောက်ပြီးတော့ အခြားသော ဒေသခံ နိုင်ငံရေးပါတီတွေက တင်ပြတာရော ဒါတွေအကုန်လုံးကို ပေါင်းပြီး မဖြစ်မနေ စဉ်းစားဖို့ လိုအပ်ပါတယ်’’ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဒေါက်တာ အောင်မိုးညိုအဖွဲ့သည် မွန်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ တိုင်းရင်း သားပါတီများနှင့် တွေ့ဆုံမှုတွင် နေရာ ညှိနှိုင်းမရ၍ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ သော်လည်း  ရှမ်းပြည်နယ်ခရီးစဉ်တွင် တိုင်း ရင်းသားအင်အားကြီးပါတီ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီအားလုံးနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

သို့သော် ပါတီချင်း တွေ့ဆုံဆွေးနွေးမှု တွင် ဒေါက်တာအောင်မိုးညိုနှင့် အဖွဲ့၏ အပြန်အလှန် ဆွေးနွေး မှု အားနည်းခြင်းကို ရည်ညွှန်း၍ SNLD ပါတီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်က ၎င်း၏  Facebook စာ မျက်နှာတွင် ဇန်နဝါရီ ၁၅ ရက်က ‘‘သတင်းခေါင်းစဉ် ပါးစပ်မပါ။ နားရွက်သာပါတဲ့   လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဆွေးနွေးခြင်း’’ဟူ၍ ရေးသား ဝေဖန်မှုရှိခဲ့သည်။

တိုင်းရင်းသားပါတီများ အနေဖြင့် လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့်ရှိသော် လည်း တင်ပြချက်များနှင့် ပတ်သက်၍ ချက်ချင်း ဆုံးဖြတ်ချက် ပေးမည်မဟုတ်ဘဲ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြ ပေး သွားမည်ဟုသာ ပြောကြားထားပြီးဖြစ် ကြောင်း NLD ပါတီ တွေ့ဆုံဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဒေါက်တာ အောင်မိုးညို က ပြောကြားသည်။

NLD ပါတီမှ ဒေါက်တာ အောင်မိုးညို နှင့် တွေ့ဆုံမှုတွင် SNLDပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် အပါအဝင် အတွင်းရေးမှူး အဖွဲ့ဝင် သုံးဦး တက်ရောက် ဆွေးနွေးခဲ့ပြီး နှစ်ပါတီကြား တွေ့ဆုံ ဆွေး နွေးမှု အခြေအနေမှာ ကောင်းမွန်ကြောင်း နှစ်ဖက် ပါတီကိုယ်စားလှယ်များက ပြောကြားသည်။

NLD ပါတီမှ တိုင်းရင်းသားပါတီများ နှင့်  တွေ့ဆုံဆွေး နွေးရေးအဖွဲ့သည် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊  က ယားပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့သော်လည်း ကချင်နှင့် ရှမ်းပြည်နယ်ရှိ အနိုင်ရ တိုင်းရင်း သားပါတီများနှင့် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ သည်။

၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းမည့် အစိုးရ သစ် လက်ထက်တွင် အမျိုးသားရင်ကြားစေ့ ရေးကို အရှိန်တိုးမြှင့် ဆောင်ရွက်လိုသော ကြောင့် ယခုကဲ့သို့ တိုင်းရင်းသားပါတီများ နှင့် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်နေ ခြင်းဖြစ်ကာ လက်ရှိအနေအထားအထိ ထိုက်သင့်သည့် အောင် မြင် မှု ရခဲ့ကြောင်း  NLD ပါတီမှ ဒေါက်တာ မျိုးညွန့်က ပြော ကြားသည်။              

Most Read

Most Recent