ယခင်နှစ်ကုန်အထိ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ တရားရင်ဆိုင်နေရသူ ၆၀၀ ကျော်ရှိကြောင်း AAPP ထုတ်ပြန်

ယခင်နှစ်ကုန်အထိ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ တရားရင်ဆိုင်နေရသူ ၆၀၀ ကျော်ရှိကြောင်း AAPP ထုတ်ပြန်
Published 16 January 2021
ဉာဏ်လင်းထွန်း

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး၊ တရားရင်ဆိုင်နေရသူ ၆၀၁ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားစာရင်းကို လစဉ်ထုတ်ပြန်လေ့ရှိသည့် AAPP ၏ ဒီဇင်ဘာလ အစီရင်ခံစာအရ ပြစ်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၄၂ ဦးရှိကြောင်း၊ ထောင်တွင်းမှ တရားရင်ဆိုင်နေရသူ ၁၉၆ ဦးနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၆၃ ဦး စုစုပေါင်း ၆၀၁ ဦးဖြစ်ကြောင်း သိရသည်။

AAPP မှတ်တမ်းအရ ၂၀၂၀ ပြည့်နှစ် နှစ်စမှ နှစ်ကုန်အထိ နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ၊ ပြည်တွင်းပဋိပက္ခများ၊ လယ်ယာမြေအငြင်းပွားမှု၊ ကျောင်းသားနှင့် အလုပ်သမားရေးရာများတွင် တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသားဦးရေ တိုးလာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

‘ နိုင်ငံရေးအကျဉ်းသားရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ပါ’ ဟု AAPP က  ဆိုသည်။

ထို့ကြောင့် နှစ်သစ်ကူးအခါသမယတွင် အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး  အကျဉ်းကျလျက်ရှိသော နိုင်ငံရေးအကျဉ်းသားများ၊ ထောင်တွင်း၊ ထောင်ပြင် တရားရင်ဆိုင်လျက်ရှိသူများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် AAPP က တိုက်တွန်းသည်။

ဒီဇင်ဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းကြောင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ပခုက္ကူမြို့နယ်နေ တပ်မတော်သားမိသားစုဝင် မဥ္ဇာသန်းမင်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့ဖြင့်  ထောင်ဒဏ်ချမှတ်ခံရကာ တက်ကြွလှုပ်ရှားသူလေးဦးမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ တက်ကြွလှုပ်ရှားသူနှစ်ဦးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ရခိုင်အခြေစိုက် သတင်းထောက်တစ်ဦးမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခံခဲ့ရကြောင်း AAPP က ထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း နိုင်ငံအတွင်းရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်လျှင် လစဉ်ကျဆင်းလျက်ရှိသည်ကို တွေ့ရကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုမြှင့်တင်ရမည့်အစား ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်လျက်ရှိခြင်းကအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို မှေးမိန်စေသည်ဟု AAPP က ဆိုသည်။

ဒီဇင်ဘာလအတွင်း တက်ကြွလှုပ်ရှားသူ ခြောက်ဦးနှင့် ရခိုင်အခြေစိုက်သတင်းထောက်တစ်ဦးတို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊  ရာဇသတ်ကြီးဥပဒေပုဒ် မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုခံရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တပ်မိသားစုဝင်အမျိုးသမီးတစ်ဦး၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တက်ကြွလှုပ်ရှားသူတစ်ဦး၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (ခ) ဖြင့် အရပ်သား လူငယ်တစ်ဦးတို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း ထုတ်ပြန်သည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အရပ်သား ၂၈ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအနက်မှ အချို့ ပြန်လည်လွတ်မြောက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent